မေ၊ ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်က ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနဲ့ ကနဲလေးစခန်း စတဲ့ စစ်ကောင်စီရဲ့ စခန်းသုံးခုကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦး အပါအဝင် ကိုးဦးထက်မနည်း သေဆုံးတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အဲဒီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက မေလ ၂၃ ရက်ကတည်းက စတင်တိုက်ခိုက်နေတာလို့ သိရပါတယ်။ အဲ့ဒီတပ်စခန်းသုံးခုက တိုက်ပွဲတွေအတွင်း ကနဲလေးစခန်း တိုက်ပွဲတခုတည်းမှာပဲ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးကြောင်း အတည်ပြုထားနိုင်တာလို့လည်း ဆိုပါတယ်။
ဝေါ်လေဗျူဟာကုန်းနဲ့ မော်ခီးစခန်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိပေမယ့် အသေးစိတ် အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Federal Wings ဒရုန်းတပ်ဖွဲ့က ပြောပါတယ်။
အထက်ပါ စစ်ကောင်စီစခန်းသုံးခုကို တိုက်ခိုက်တဲ့တိုက်ပွဲတွေမှာ KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း (၈) နဲ့ Federal Wings Drone တပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေကြတာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးက လိုးရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးခဲ့သလို တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အနီးဝန်းကျင်ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။
Federal Wings Drone တပ်ဖွဲ့ဟာ KNU လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အတူလက်တွဲပြီး မြေပြင်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတာကြာပြီဖြစ်ပြီး မကြာသေးမီကတော့ အဲ့ဒီဒရုန်းတပ်ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကြား ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီထားကြပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ လတ်တလောကာလအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတချို့ သေဆုံးထိခိုက်မှုတွေရှိသလို အဆောက်အအုံပျက်စီးမှုတွေလည်း ရှိနေတယ်လို့ KNU သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းကို မနေ့ကညပိုင်းမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မြဝတီ၊ ကော့ကရိတ် လမ်းဟောင်းအနီးက ဝါးကျောင်းအမည်ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ Justice Soldier PDF တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီက အဲ့ဒီနေရာတဝိုက်ကို မနေ့က ညဆယ်နာရီလောက်မှာ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး လူအထိအခိုက်မရှိပေမယ့် ဘုန်းတော်ကြီးကျောင်းကတော့ တကျောင်းလုံးပျက်စီးသွားသလို အနီးဝန်းကျင်က အဆောက်အအုံတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ ကော့ကရိတ် ဒီဘက်ခြမ်းမှာ ခုတလောက တိုက်ပွဲမရှိဘူး၊ တိုက်ပွဲမရှိဘဲနဲ့ ညကလည်း အသံတွေ တအားငြိမ်နေတာ၊ အဲဒါကို ညက ဒီတိုင်း လာကြဲသွားတာ၊ ဘုန်းကြီးကျောင်းမှာ PDF တွေနေတယ်ထင်လို့ ကြဲတာဖြစ်မယ် “ လို့ Justice Soldier PDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်းမှာ အရင်က သံဃာနှစ်ပါး ကျောင်းထိုင်သီတင်းသုံးခဲ့ပေမယ့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကြောင့် လက်ရှိမှာတော့ ကျောင်းထိုင်သံဃာမရှိသလို နေထိုင်သူလည်း မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်နဲ့ ၂၇ ရက်တို့ကလည်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နဲ့ ကျိုက်ဒုံမြို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် (၁၃)နှစ်အရွယ်ကလေးတဦး သေဆုံးကာ ရှစ်နှစ်အရွယ် ကလေးတဦး ဒဏ်ရာရခဲ့သလို နေအိမ်၊ အဆောက်အအုံနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ KNU ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ကျိုက်ဒုံအခြေစိုက်စစ်ကောင်စီတပ်က မေလ ၂၅ ရက် နေ့လယ်ပိုင်းမှာ လူနေရပ်ကွက်၊ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကျိုက်ဒုံမြို့ အမှတ် (၁) ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၁၃)နှစ် အရွယ် မောင်သန်းနိုင်ဦးဟာ နောက်ကျောကနေ ရှေ့လည်မျို ကျည်စ ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့သလို အဲဒီရပ်ကွက်မှာပဲ နေထိုင်တဲ့ အသက်ရှစ်နှစ်အရွယ် မောင်သန်းဦးဟာလည်း ဦးခေါင်းနဲ့ လက်ဖမိုးတွေမှာ ကျည်စ ရှပ်ထိ ဒဏ်ရာတွေရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ KNU က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မေလ ၂၇ ရက်မှာ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ အမြှောက်တပ်က တိုက်ပွဲဖြစ်နေတာမရှိဘဲ လက်နက်ကြီးနှစ်လုံး ပစ်ခတ်လို့ ကြာအင်းကုန်းကျေးရွာက နေအိမ်တအိမ်အပေါ် လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲကာ တအိမ်လုံး ကြေမွပျက်စီးခဲ့တဲ့အပြင် နေအိမ်အတွင်း ရပ်ထားတဲ့ အိမ်စီးကားတစီးလည်း ကျည်စထိမှန် ပျက်စီးသွားခဲ့သေးတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – KNU