မေ၊ ၂၉
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးရောင်းရွာက ဒေသခံကာကွယ်ရေးတပ် (လိုကယ်ပီဒီအက်ဖ်)စခန်းကို စစ်ကောင်စီစစ်ကြောင်းက မေလ ၂၈ ရက်မနေ့က မနက်ပိုင်းကဝင်စီးလို့ အမျိုးသမီးစစ်သည်တဦးရဲ့ မိခင်သေဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
“ စခန်းမှာ ရဲဘော်တယောက်မှ မရှိလိုက်တဲ့အချိန်မှာ စစ်ကြောင်းဝင်ခံရတာ ဖြစ်ပါတယ်။ အနောက်ပိုင်းမှာ လမ်းကြောင်း (စစ်ကောင်စီစစ်ကြောင်း)ရှိတယ်လို့ သတင်းရလို့ ရဲဘော်အားလုံးက ထွက်လာလိုက်တဲ့အချိန်မှာ နောက်က စခန်းကို ထိုးစစ်ဆင်ခံရတာ ဖြစ်တယ် ” လို့ ဝင်စီးခံရတဲ့ စခန်းကတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စခန်းကို ဝင်စီးပြီး စခန်းရဲ့ စားနပ်ရိက္ခာတာဝန်ယူထားတဲ့ အသက်ငါးဆယ်အရွယ် ဒေါ်သီတာမြင့်ကို သုံးပိုင်းပိုင်းကာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဝင်က ဆက်လက်ပြောပါတယ်။
သေဆုံးသူ ဒေါ်သီတာမြင့်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လက ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးစစ်သည်တဦးရဲ့မိခင်ဖြစ်သလို အသက် ၁၁ နှစ်အရွယ်ကလေးငယ်တဦးလည်း ကျန်ခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ အရာတော်ပို့စ် က ဖော်ပြထားပါတယ်။
“ လက်နက်၊ ဘဏ္ဍာငွေတွေ ပါသွားပါတယ်။ နာရီဝက်အတွင်းမှာ အစ်မကြီးအပါအဝင် အရာရာ ပျက်စီးဆုံးရှုံးသွားခဲ့တယ် ” လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါပေမယ့် လက်နက်ခဲယမ်း၊ ဘဏ္ဍာငွေတွေ ဘယ်လောက်ဆုံးရှုံးခဲ့တယ်၊ စခန်းဘယ်လောက်ပျက်စီးခဲ့တယ် စတဲ့အချက်တွေကိုတော့ မပြောကြားခဲ့ပါဘူး။
အင်အားငါးဆယ်ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အနံ့ခံခွေးငါးကောင်နဲ့အတူ ကမ်းဖြူအရှေ့ရွာနဲ့ ဝါးရောင်းရွာကြားက ချောင်းရိုးအတိုင်း မနက်ကိုးနာရီခန့်မှာ ထွက်လာပြီး ကမ်းဖြူကျေးရွာက ဒေသခံခြောက်ဦးနဲ့ အနီးဝန်းကျင်က ဒေသခံ ၂၈ ဦး စုစုပေါင်း ၃၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ တင်ပြနေတဲ့ အရာတော်ပို့စ် က ကိုမောင်မောင်က ပြောပါတယ်။
အဲဒီနောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ဖမ်းဆီးလာတဲ့ ဒေသခံ ၃၄ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး ဝါးရောင်းကျေးရွာက ဒေသခံကာကွယ်ရေးတပ် (လိုကယ်ပီဒီအက်ဖ်) စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
” (မနက်) ကိုးနာရီနှစ်ဆယ်ခန့်မှာ ပစ်ခတ်သံတွေ ကြားရပြီး စခန်းစားနပ်ရိက္ခာ တာဝန်ယူတဲ့ အမျိုးသမီး ဖမ်းဆီးခံရပြီး ကျဆုံးပါတယ်။ အဲဒီနောက် စခန်းနဲ့အတူ ရဲဘော် မီးရှို့ခံရပါတယ် ” လို့ အရာတော်ပိုစ့်က ကိုမောင်မောင်က DNA ကိုပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီစခန်းကို ဝင်ရောက်စီးနင်းအပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၃၄ ဦးကို မေလ ၂၈ ရက် မနေ့က ညနေပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့ပြီး တုံးတင်ကန်ကျေးရွာဘက် ပြန်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ လူသားဒိုင်းတွေကို အနောက်ဘက်အရပ်ဆီ ခေါ်သွားပြီး ထားခဲ့ပါတယ်။ အထုပ်မသယ်နိုင်ရင် ပစ်သတ်လိုက်လို့လည်း ခြိမ်းခြောက်ပါတယ် ” လို့လည်း ကိုမောင်မောင်က ပြောပါတယ်။
ဝင်ရောက်စီးနင်းခံရတဲ့ အဲ့ဒီဒေသခံကာကွယ်ရေးတပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – အရာတော်ပို့စ်