တန်းဆင်းဇုန် တိုက်ပွဲတွေကြောင့် အသက်ဝင်နေခဲ့တဲ့ ပရီးမီးယားလိဂ် အပိတ်ပွဲစဉ်တွေ

မေ၊ ၂၉

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အပိတ်ပွဲစဉ်တွေဟာ အမှတ်ပေးဇယား ထိပ်ပိုင်းနေရာတွေအတွက် ဘာအပြောင်းအလဲမှ မရှိတာ သေချာစေခဲ့ပေမယ့် တန်းဆင်းဇုန် တိုက်ပွဲတွေက နောက်ဆုံးအချိန်ထိ အကြိတ်အနယ် ယှဉ်ပြိုင်သွားခဲ့ကြတာကို တွေ့ရပါတယ်။

စုစုပေါင်း ၃ သင်း တန်းဆင်းရမယ့် အခြေအနေမှာ ဆောက်သမ်တန်က နောက်ဆုံးပွဲစဉ် မတိုင်ခင် ၁ နေရာစာ သေချာနေခဲ့ပြီး ဖြစ်တာကြောင့် လက်ကျန် ၂ နေရာမှာ မပါရအောင် အဲဗာတန်၊ လက်စတာစီးတီးနဲ့ လိဒ်စ်ယူနိုက်တက်တို့ အစွမ်းကုန် ရုန်းကန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အဲဗာတန်က ပရီးမီးယားလိဂ်မှာ တင်ကျန်နေခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ရခဲ့ဖူးတဲ့ လက်စတာကတော့ အိမ်ကွင်းမှာ ဝက်စ်ဟမ်း ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့တိုင် အခါနှောင်းသွားခဲ့ပါတယ်။ လိဒ်စ်ကလည်း အိမ်ကွင်းမှာ တော့တင်ဟမ် ဟော့စပါးကို ၁-၄ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းဖို့ ကျိန်းသေသွားခဲ့ရပါတယ်။

အဲဗာတန် အသင်းဟာ ဖိအားတွေ အများကြီး ရှိနေတဲ့ အခြေအနေမှာ ဘွန်းမောက်သ် အသင်းကို အမှားအယွင်း မရှိ ၁-၀ နဲ့ အနိုင်ကစားခဲ့ပြီး လက်စတာထက် ၂ မှတ် အသာရနေမှုကို ဆက်ထိန်းရင်း ပရီးမီးယားလိဂ်မှာ အသက်ဆက်နိုင်ခဲ့ပါတယ်။

ချန်ပီယံ ဖြစ်ဖို့ သေချာနှင့်ပြီးသား မန်ချက်စတာ စီးတီးကတော့ ရာသီအပိတ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ ရှုံးခဲ့ပြီး ဒုတိယ နေရာက အာဆင်က ဝုလ်ဗ်ကို ၅ ဂိုးပြတ် အခါလွန် ဂိုးမိုးရွာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းမှာ ဖူလ်ဟမ်ကို နောက်က လိုက်ကစားခဲ့ရပေမယ့် ၂-၁ နဲ့ အနိုင်ရခဲ့ပြီး တတိယ နေရာ မြဲစေခဲ့ပါတယ်။ နယူးကာဆယ် ယူနိုက်တက် ချဲလ်ဆီးကို ၁ ဂိုးစီ သရေကျခဲ့ပြီး ယူနိုက်တက်ရဲ့နောက် စတုတ္ထ နေရာနဲ့ ရာသီသိမ်းပြီး လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် ထိပ်ဆုံး ၄ သင်း စာရင်းထဲ ပါဝင်နိုင်ခဲ့ပါတယ်။

ရာသီအပိတ် ပွဲစဉ်မှာ မထင်မှတ်ဘဲ အကြိတ်အနယ် ဖြစ်ခဲ့တာကတော့ ဆောက်သမ်တန်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်ပါ။ တန်းဆင်းဖို့ သေချာနှင့်ပြီးသားဖြစ်တဲ့ ဆောက်သမ်တန်ရဲ့ မထင်မှတ်တဲ့ ရုန်းအားတွေကို တွေ့ခဲ့ရပြီး ပွဲချိန် မိနစ် ၆၀ ကျော်ထိ နာမည်ကြီးကလပ် လီဗာပူးကို ၄-၂ နဲ့ ဦးဆောင်ပြခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လီဗာပူးက ၂ ဂိုးထပ်သွင်းလို့ ၄ ဂိုးစီ သရေနဲ့ ပွဲပြီးသွားခဲ့ပါတယ်။ လီဗာပူးကတော့ အဆင့် ၅ နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ဘရိုက်တန် အသင်းနဲ့အတူ လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲ ဝင်ရောက်ခွင့်သာ ရရှိတော့မှာ ဖြစ်ပါတယ်။