ကြာအင်းဆိပ်ကြီးရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

မေ၊ ၂၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြို့မရဲစခန်း ကို မေလ ၂၇ရက် မနေ့ညပိုင်းကဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သားနှစ်ဦးနဲ့ မိသားစုဝင်တဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ နှစ်ခါပေါက်ကွဲတာလို့ ပြောတယ်၊ ပထမတခါမှာ နှစ်လုံးပေါက်ကွဲတယ်၊ အဲမှာ စခန်းပေါ်ကို ကျတော့ ရုံးမှာ ရှိနေတဲ့ ရဲတပ်သားတဦးထိတယ်၊ ဝန်ထမ်းအိမ်ယာပေါ်ကျသွားတာတော့ ရဲတပ်သားတဦးနဲ့ သူတို့မိသားစုဝင် ကောင်လေးတစ်ယောက် ထိသွားတာ၊ ဒုတိယအကြိမ်အလုံးကတော့  ရုံး(မြို့မစခန်း) အပေါ်တည့်တည့်ကို ကျတာ၊ အဲချိန်ရုံးမှာ ဘယ်သူမှ မရှိတော့ ထိခိုက်တာ မရှိဘူးကြားတယ်။” လို့ ကြာအင်းဆိပ်ကြီးမြို့ခံတဦးက DNA ကို ပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် မြို့မရဲစခန်းကရဲတပ်သားနှစ်ဦးနဲ့ မိသားစုဝင်တစ်ဦးဟာ ခန္ဓာကိုယ်အနှံ့မှာ ဗုံးစထိမှန်ဒဏ်ရာ တွေ ရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ကြားအင်ဆိပ်ကြီးရဲစခန်းနဲ့ နီးစပ်သူထံမှ သိရပါတယ်။

“ အသက်အန္တာရယ်တော့ မစိုးရိမ်ရပေမယ့်၊ ဒဏ်ရာက နည်းနည်းများပါတယ်၊ ဟိုကောင်လေးကဆိုရင်လေ၊ သူက ၁၈ နှစ်လောက် တော့ရှိမယ်၊ ယောကျာ်လေးပါ။ ဖြစ်ပြီးတော့ ဆေးရုံကို ပို့ထားတယ်၊ အခုပြန်ဆင်းပီလားမသိဘူးပေါ့နော်။” လို့ ပြောပါတယ်။Photoစစ်တပ်ထောက်ခံတယ်လီဂရမ်

အမည်မသိ အဖွဲ့တခုက ဗိုလ်ချုပ်လမ်းဘေးမှာ ရှိတဲ့ မြို့မရဲစခန်းကို ည၈နာရီခန့်ကဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာမှာ ဗုံးသီးက မြို့မစခန်းရုံးအပေါ်တည့်တည့်နဲ့ ဝန်ထမ်းအိမ်ယာပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ရဲနှစ်ဦးနဲ့မိသားစုဝင်တဦးဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီနောက် ည ၉ နာရီခန့်မှာလည်း ဒရုန်းနဲ့ ဗုံးသီးတလုံးထပ်မံပစ်ချတိုက်ခိုက်ရာမှာ မြို့မရဲစခန်းရုံးအပေါ်တည့်တည့်ကို ထပ်မံ ကျရောက်ကွဲခဲ့ပေမယ့်ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။

အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့်  ဒါဟာ ကေအဲန်ယူ နဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေ လက်ချက်ကြောင့်သာ ဖြစ်တယ်လို့ ဒေသခံပြည်သူအကြားမှာ ပြောဆိုနေကြပေမယ့် DNA အနေနဲ့ သီးခြား အတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။

Photoစစ်တပ်ထောက်ခံတယ်လီဂရမ်