စစ်ကိုင်း၊ ရှင်ဖြူရှင်လှ ‌လှေဆိပ်မှာလူငယ်နှစ်ဦးရေနစ်သေဆုံး

 

 

မေ၊ ၂၈

စစ်ကိုင်းမြို့၊ ဝါးချမ်ကျေးရွာမှာရှိတဲ့  ဧရာဝတီမြစ် ရှင်ဖြူရှင်လှ လှေဆိပ်မှာ ဒီကနေ့ မေလ ၂၈ ရက်နေ့လယ်က ရေဆင်းကူးတဲ့လူငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြို့နယ်လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

ရေနစ်သေဆုံးတဲ့လူငယ်နှစ်ဦးဟာ အသက် ၁၅နှစ်နဲ့ ၁၆ နှစ်အရွယ်လူငယ်တွေဖြစ်ကြပြီးသူတို့နှစ်ဦးရေနစ်တာကို ကယ်ဆယ်တဲ့ ရေချိုးဆိပ်အနီးကလူတဦးလည်း ရေနစ်မှုထပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

‘’ လူငယ်နှစ်ယောက်နစ်တာကို အနားရှိတဲ့အကိုတယောက်က ဆင်းကယ်တာ။ သူပါရေနစ်လို့ နောက်ထပ်တယောက်ဆင်းကယ်ရတယ်။ အရင်ဆုံးနစ်တဲ့ကလေးနှစ်ယောက်ကတော့ မြှပ်သွားလို့ မကယ်ပေးနိုင်ခဲ့ဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်အကူအညီတောင်းရတယ်။ အဖွဲ့တွေရောက်လာပြီး ၂နာရီလောက်အကြာမှာတော့ အလောင်းတွေပြန်ဆယ်နိုင်ခဲ့တယ်’’လို့ နယ်ခံကိုထွန်းမြင့်က DNA ကိုပြောပါတယ်။

ရေနစ်သေဆုံးတဲ့လူငယ်အမျိုးသားနှစ်ဦးဟာ စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းရုံမှာနေထိုင်သူတွေဖြစ်ပြီးရုပ်အလောင်းတွေကိုတော့ မိသားစုကတဆင့် စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံရင်ခွဲရုံကို မင်းလမ်းလူငယ်လူမှုကူညီရေးအသင်းနဲ့ စစ်ကိုင်းမြို့အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအသင်းကပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။