ချောင်းဦးမှာ ဒေသခံနှစ်ဦး ပစ်သတ်ခံရပြီး လူခြောက်ဆယ်ကျော် ဖမ်းဆီးခံထားရ

မေ၊ ၂၈
 
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအုပ်စု၊ ကမ္မရွာမှာ စစ်ကောင်စီတပ်က မနေ့က မေလ၂၇ ရက်က ဒေသခံနှစ်ဦးကို ပစ်သတ်ခဲ့ပြီး လူခြောက်ဆယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံက ပြောပါတယ်။
 
“ မနေ့က ညက ကိုးနာရီမှာ ရွာကို မီးတင်ရှို့တာပေါ့။ စစ်ကြောင်းက အခုထိ မထွက်သေးတော့ မီးလောင်အိမ်ခြေကို မသိရသေးဘူး။ ပစ်သတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ထားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒေသခံခြောက်ဆယ်ကျော်ကတော့ ဓားစာခံ ဖမ်းခံထားရတယ် ” လို့ ချောင်းဦးမြို့နယ် ပအဖ တာဝန်ခံက DNA ကိုပြောပါတယ်။
 
စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့ ဒေသခံခြောက်ဆယ်ကျော်ကို ဘယ်ခေါ်သွားတယ်ဆိုတာ သေချာမသိရသေးပါဘူး။
 
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ မေလ ၂၇ ရက်မနေ့က မနက်ပိုင်းက ချောင်းဦးမြို့နယ်ကနေ စစ်ကားနှစ်စီးနဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်း အဲဒီတာဝန်ခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ မုံရွာ-မန္တလေး လမ်းပိုင်းကို ထိမ်းချုပ်ဖို့အတွက် လမ်းဘေးတလျှောက်က ရွာတွေဖြစ်တဲ့ နတ်ရေကန်၊ ငါးယှန်၊ ခင်မွန် စတဲ့ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်က ကျေးရွာတွေကို မကြာခနစစ်ကြောင်းထိုးဝင်ရောက်လေ့ရှိတယ်လို့လည်း သူကဆိုပါတယ်။
 
အဲ့ဒီလို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်၊ ကမ္မရွာ အပါအဝင်အနီးနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
 
“ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ အခန့်မသင့်ရင် ရွာတွေကို မီးရှို့တာ၊ လူသတ်တာနဲ့ လူသားဒိုင်းဖမ်းတာတွေ လုပ်လေ့ရှိတယ်။ ခုလည်း ရေတောင်းသောက်တာ မပေးလို့ ရွာကို မီးရှို့တာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ကမ္မရွာက ဒေသခံတွေရဲ့ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားတွေကို ယူဆောင်သွားတယ်လို့ ပြောပေမယ့် တန်ဖိုးပမာဏ မသိရဘူးလို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံက ပြောကြားပါတယ်။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၅၈၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 
ဓာတ်ပုံ – ချောင်းဦး ပအဖ