မေ၊ ၂၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို မေလ ၂၆ ရက်မှ ဒီကနေ့ ၂၈ ရက်ထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့နေတာကြောင့် ကျေးရွာ ၁၅ ရွာခန့် မီးရှို့ခံနေရပြီး ဒေသခံတရာခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့ကတော့ သုံးဦးလောက် အသတ်ခံရတယ်။ ကူနီ၊ ရေယှားက စစ်ရှောင်တွေရော ရွာထဲက လူတွေကိုရော အကုန်လုံးနီးပါး မိသွားကြတယ်။ မိပြီးတော့ ဓါးစားခံအနေနဲ့ လူသားဒိုင်းလုပ်ဖို့ ခေါ်သွားကြတယ်။ သက်ကြီးရွယ်အိုတွေရော၊ ကလေးတွေရော အကုန်ပါသွားတယ်။ စစ်ရှောင်နေရင်းနဲ့ မိတာဆိုတော့လေ။ ခန့်မှန်းခြေကတော့ တရာ လောက်မိသွားတယ် ” လို့ ရေလယ်ကျွန်းဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မေလ ၂၆ ရက်က မိဖုရားကျေးရွာက အမျိုးသမီးတဦး သေဆုံးခဲ့ပြီး မဲကုန်းကျေးရွာမှ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မေလ ၂၇ ရက် မနေ့ကလည်း ကူနီကျေးရွာနဲ့ ရေယှားကျေးရွာတွေအကြားမှာ စစ်ရှောင်နေကြတဲ့ ဒေသခံ ၂၀၀ ခန့်ရှိတဲ့ နေရာကို ပစ်ခတ်ဝင်ရောက်တာကြောင့် အရပ်သားနှစ် ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ရေလယ်ကျွန်းဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေဟာ ကံဦး၊ မိုးဖြူ၊ မိုးကွဲ၊ ချင်းယား၊ မြင်ရွာ၊ နန်းဦး၊ ရေယှား၊ မြေစွန်း၊ မြေတော်၊ ပေါက်အူ၊ ဆင်တဲ၊ ကြွယ်ကုန်း၊ နွယ်နီ၊ လှေခုတ်နဲ့ မိဖုရား စတဲ့ကျေးရွာဖြစ်ပြီး တချို့ကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့တယ်လို့ သိရပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာတွေထဲက အိမ်ခြေ ၂၀၀ နီးပါးခန့်ဟာ ပျက်စီးဆုံးရှုံးသွားပြီး လက်ရှိစစ်ကြောင်းထိုးမီးရှို့နေတဲ့ ကျေးရွာတွေရဲ့ အခြေအနေကိုတော့ မသိရသေးသလို နန်းဦးကျေးရွာမှ မော်တော်ရေယာဉ် ၁၅ စီးခန့်ကိုလည်း ရေထဲထိဆင်းပြီး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေကြောင့် ရေလည်ကျွန်းဒေသက ကျေးရွာပေါင်း ၄၃ ရွာက ဒေသခံပေါင်း တသောင်းကျော်ဟာ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရပြီး အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးအပါအဝင် လူသားချင်းစာနာမှုအကူအညီ လိုနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ စစ်ကြောင်းက ဒီမနက်ပဲ နှစ်ရွာ၊ သုံးရွာပြောင်းထိုးနေပြီ။ ရောက်တဲ့ ရွာတိုင်းကို မီးရှို့တာပဲ။ ချင်းယားကနေ မိုးကွဲ၊ မိုးဖြူကို ဝင်ရောက်မီးရှို့ပြီးတော့ အခုက ကံဦးဘက်ကို ထပ်ထွက်လာပြီးတော့ ကံဦးမှာ မီးထပ်ရှို့နေတယ်။ ၂၆ ရက်ကနေ စစ်ကြောင်းစထိုးတာ၊ ဒေသခံ ရှောင်တာကတော့ သောင်းဂဏန်လောက်ရှိမှာပဲ။ ရေလယ်ကျွန်းဒေသမှာက ၄၃ ရွာဆိုတော့ သူတို့က စစ်ကြောင်း နှစ်ကြောင်း၊ သုံး ကြောင်းနဲ့ ထွက်တာဆိုတော့ အကုန်ရှောင်နေရတယ် ” လို့ ရေလယ်ကျွန်းဒေသခံတဦးက ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းတွေကို ချင်းတွင်းမြစ်အနောက်ဘက် လေးအိမ်တန်းကျေးရွာဘက်ကနေ လက်နက်ကြီးပစ်ကူပေးနေတဲ့ စစ်စခန်းတခုကို ဒေသခံကာကွယ်ရေးတပ်တွေက ယမန်နေ့ မေလ ၂၇ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးမှုများနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်တွေကတော့ ထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ရေလယ်ကျွန်းသတင်း