မေ၊ ၂၇
ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ အခြေစိုက်တဲ့ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)က လတ်တလောမြန်မာရွေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ သက်တမ်းကုန် MoU အလုပ်သမားတွေနဲ့ CI သက်တမ်းတိုးဆောင်ရွက်ရာမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေသာမက တခြားသော တရားမဝင်လာရောက်ကြတဲ့ အလုပ်သမားတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပါ တင်ပြဆွေးနွေးခဲ့တယ်လို့ MWRN က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က ပြောပါတယ်။
“ အခုက ကိုဗစ်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျော့လိုက်တော့ MoU သက်တမ်းပြည့်သမားတွေက နေရပ်ပြန်ပြီး MoU ပြန်လုပ်ပြီး ပြန်ဝင်မှရမှာပေါ့နော်၊ အဲ့ဒါကို တခြားသောနိုင်ငံတွေကတော့ အဆင်ပြေမယ့် မြန်မာကကျတော့ မလွယ်ဘူးလေ၊ အဲ့ဒီအကြောင်းတွေ အသေးစိတ်တင်ပြဆွေးနွေးတာပေါ့ ” လို့ သူက ရှင်းပြပါတယ်။
လက်ရှိအချိန်မှာ MoU စာချုပ်သက်တမ်းပြည့် အလုပ်သမားတွေဟာ မြန်မာနိုင်ငံကို ပြန်ကာ MoU စာချုပ်အသစ်ချုပ်ဆိုပြီးမှ ပြန်လာရမှာဖြစ်ပါတယ်။ ဒီလိုမှမလုပ်ရင် တရားမဝင်လုပ်သားဖြစ်သွားမှာဖြစ်ပြီး လုပ်သက်နစ်နာကြေးတွေလည်း ရရှိနိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက် ပြည်တွင်းအခြေအနေတွေကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲတွေရှိနေကြသလို MoU စာချုပ်ထပ်ချုပ်နိုင်ဖို့ကလည်း အနိမ့်ဆုံး သုံးလကနေ နှစ်နဲ့ချီပြီး စောင့်ဆိုင်းရနိုင်တယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောကြပါတယ်။
“ ပြန်ရင် ကော့ကရိတ်ကို ပြန်ရမှာ၊ ပြဿနာက နေဖို့စောင့်ဖို့ အိမ်မရှိတော့တာရော၊ တိုက်ပွဲတွေကလည်း ရှိနေတယ်၊ အခုက တရားမဝင်အလုပ်သမားဖြစ်သွားမှာစိုးတာနဲ့ ဘတ်ရိုက်ပြီး CI လုပ်ရတယ်၊ အဲ့ဒီလိုလုပ်ပြန်တော့လည်း ခဏခဏသက်တမ်းတိုးနေရတာနဲ့ ရှာတဲ့ငွေက ကုန်တာပဲ ” လို့ မဟာချိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မမွှေးက ပြောပါတယ်။
မမွှေးဟာ မဟာချိုင်က ပင်လယ်စာစက်ရုံတခုမှာ MoU နဲ့ အလုပ်လုပ်ကိုင်နေတာ လုပ်သက် ၁၀ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေထဲမှာ MoU နဲ့လာရောက်ပေမယ့် အလုပ်မရတာ၊ လုပ်ငန်းခွင်မတူညီတာ၊ စာချုပ်နဲ့ကွဲပြားတဲ့ ပြဿနာတွေရှိနေတာ၊ MoU အလုပ်သမားတွေဖြစ်ကြပေမယ့် အကြောင်းပြချက်မရှိ အလုပ်ထုတ်ခံနေရတာ၊ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ စတဲ့ပြဿနာတွေ ရှိနေပါတယ်။
ဒါ့အပြင် တရားမဝင်လာရောက်တဲ့ အလုပ်သမားတွေအနေနဲ့လည်း ပန်းရောင်ကဒ် (ဘတ်)ပြုလုပ်တာ၊ CI ပြုလုပ်တာ စတဲ့လုပ်ငန်းစဉ်တွေက ရှုပ်ထွေးခက်ခဲပြီး ကုန်ကျစရိတ်တွေများပြားတာ၊ ပွဲစားတွေရဲ့ လိမ်လည်ခံရတာ စတဲ့ကိစ္စရပ်တွေလည်း နေ့စဉ်နဲ့အမျှရှိနေပါတယ်။
ဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို အစိုးရသစ်တက်လာမှ ဆုံးဖြတ်လို့ရမှာဖြစ်ပေမယ့် အလုပ်သမားရေးဝန်ကြီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ထားလို့ရအောင် မနေ့က သွားရောက်ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ MWRN ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က ပြောပါတယ်။
အဲ့ဒီတွေ့ဆုံဆွေးနွေးမှုအတွင်း ထိုင်းအလုပ်သမားဌာနဘက်က လက်ရှိအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ကတိပေးတာမျိုးတွေတော့ မရှိခဲ့ဘဲ ထိုင်းအစိုရအဖွဲ့အသစ် တက်လာချိန်မူဝါဒတွေနဲ့ ညွှန် ကြားချက်တွေရှိလာမှသာ ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာ သိနိုင်မယ်လို့လည်း သူကပြောပါတယ်။
ဓာတ်ပုံ – MWRN