စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို လူသားဒိုင်းလုပ်နေလို့ မုံရွာ-မန္တလေးလမ်းကို အသုံးမပြုဖို့ အသိပေး

မေ၊ ၂၇
 
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ -မန္တလေး လမ်းပိုင်းမှာ မိုင်းရှင်းနေတဲ့ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို လူသားဒိုင်းအဖြစ် အသုံးချတာတွေရှိနေလို့ အဲ့ဒီလမ်းပိုင်းကို လတ်တလောအသုံးမပြုဖို့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ ထုတ်ပြန်အသိပေးထားပါတယ်။
 
“ မနက်က မြေနဲရွာ တန်ပိုဂိတ်ဟောင်းနားမှာ မိုင်းရှင်းလင်းရေးလုပ်တာ မိုင်းကထကွဲတော့ သူတို့ထိတာပေါ့၊ ဘယ်လောက်ထိလဲတော့ အတည်ပြုလို့မရသေးဘူး၊ သူတို့ဆက်မဖြုတ်ရဲ တော့ လမ်းသွားလမ်းလာတွေကို ဖြုတ်ခိုင်းပြီး သူတို့နေတဲ့ စွမ်းရည်ထက်ဆီဆိုင်ကို ဆိုင်ကယ်နဲ့ပို့ခိုင်းတယ် ” လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက DNA ကိုပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ အဆိုပါလမ်းပိုင်းမှာ အင်အားအများအပြားနဲ့ ခြေရှုပ်နေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
 
“ မနက်က မိုင်းကွဲပြီးတော့ အနီးအနားကရွာတွေကို မွှေပြီး ဓားစာခံဖမ်းပြီး အိတ်ထမ်းခိုင်းတာတွေရှိတယ်လို့ ကျွန်တော်ကြားထားတယ်၊ မနက်က ကျွန်တော်ကလည်း မစ်ရှင်ရှိနေတော့ အသေးစိတ်အတည်ပြုပေးလို့ မရသေးဘူး ” လို့ ​ဒေသအ​ခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ မြေနဲရွာထဲမှာ တရားနာနေတဲ့ နေအိမ်တအိမ်ကို ဝင်ရောက်ကာ အိမ်ထဲရှိနေတဲ့ အမျိုးသားဆယ်ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သုံးပစ္စည်းတွေ ထမ်းပို့ခိုင်းပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မုံရွာ-မန္တလေးလမ်းမကြီးရဲ့ မုံရွာ-ချောင်းဦးလမ်းပိုင်းကို စတင်ပိတ်သိမ်းချိန်ကနေ ထမ်မံကြေငြာချက်မထုတ်ခင်အချိန်အထိ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ ဖြတ်သန်းသွားလာလို့ ထိခိုက်မှုတစုံတရာဖြစ်လာပါက စိတ်မကောင်းဖြစ်တာကလွဲလို့ တာဝန်ယူပေးနိုင်မှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။
 
လက်ရှိမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်သုံးနာရီခွဲအချိန်က စစ်ကားရှစ်စီးနဲ့ထွက်သွားပြီး ငါးစီးက နတ်ရေကန်ရွာနဲ့ ကျန်သုံးစီးကတော့ မြင်းမူနယ်ဘက်ကို စစ်ကြောင်းထိုးဝင်နေတယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – Social Media
ပုံစာ – ၂၀၂၂ခု နှစ်အတွင်းက မုံရွာမန္တလေးလမ်းပေါ်မှာ ဗုံးထိခဲ့တဲ့ ခရီးသည်တင်ကားတစီး