မေ၊ ၂၆
ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းမပေါ်ကရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်အတွင်းမှာ ဒီကနေ့နေ့လည်ပိုင်းက အမျိုး၊ဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲဲ့(မဘသ)အဖွဲ့ဝင်တဦးပစ်ခတ်ခံရလို့သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။
“ပစ်ခံရတဲ့ (ဦး)တင့်လွင်ကတော့ နေရာမှာဘဲပွဲချင်း ပြီးသေသွားတယ်။ပစ်တဲ့သူတွေကပစ်ပြီးထွက်ပြေးသွားကြတယ်”လို့မြောက်ဒဂုံဒေသခံတဦးကပြောပါတယ်။
မဘသအဖွဲ့ဝင် ဦးတင့်လွင်ဆိုသူဟာ ဒီကနေ့ မေလ ၂၆ ရက်၊ နေ့ခင်း ၂ နာရီခွဲကျော်ကရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေစဥ် အမည်မသိသေနတ်သမားနှစ်ဦးကဝင်ရောက် ပစ်ခတ်ခဲ့လို့ဦးခါင်းကိုကျည်ဆန်နှစ်ချက်ထိမှန်သေဆုံးတာပါ။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုကိုတော့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေဟာစစ်ကားနှစ်စီးနဲ့ရောက်ရှိလာပြီး ဆိုင်အတွင်းထိုင်နေသူတွေကိုမေးမြန်းစစ်ဆေးတာ၊အရေးပေါ်လူနာတင်ယာဥ်ကိုခေါ်ယူပြီး ပစ်ခတ်ခံရသူကိုသယ်ဆောင်တာတွေလုပ်ဆောင်ခဲ့တယ်လို့လည်း မျက်မြင်တွေကပြောပါတယ်။
အဲ့ဒီနောက်စစ်ကောင်စီတပ်တွေဟာ ဆိုင်ကCCTVမှတ်တမ်းကိုကြည့်ရှု့ပြီးစတစ်ကာကပ်ထားတဲ့ အိမ်စီးကားတစီးကို ပိတ်ဆို့ရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံအရပ်သားတွေက ပြောပါတယ်။
“သူတို့(စစ်ကောင်စီတပ်)တွေလည်းရောက်လာပြီး ဆိုင်CCTVကိုကြည့်တော့ တခုခုရသွားတယ်ထင်တယ်။အခုထိ လမ်းတွေမှာပိတ်ဆို့ရှာဖွေနေကြတယ်။အဓိကကတော့ အိမ်စီးကားတွေကို စတစ်ကာကပ်ထားတဲ့ကားဆိုရင် စစ်နေကြတာ”လို့ မြောက်ဒဂုံမြို့နယ်နေဒေသခံတဦးကပြောပါတယ်။
သေဆုံးသူဦးတင့်လွင်ဆိုသူဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်းကလည်း မြောက်ဥက္ကလာပမြို့နယ်အတွင်းကလက်ဖက်ရည်ဆိုင်ရှေ့မှာ အခုလိုသေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသေးတယ်လို့လည်း အဲ့ဒိဖြစ်စဥ်ကို သိတဲ့ဒေသခံပြည်သူတဦးကပြောပါတယ်။
“သူက မြောက်ဥက္ကလာ၊မြောက်ဒဂုံနဲ့တောင်ဒဂုံမှာလုပ်တဲ့ မဘသပွဲတွေမှာလည်း ပါခဲ့သူ။စစ်တပ်ထောက်ခံပွဲတွေမှာလည်း သူပါတာပဲ။အဲ့ဒါကြောင့် ကျန်ခဲ့တဲ့ နှစ်ကလည်း မြောက်ဥက္ကလာဘက်မှာ အပစ်ခံရသေးတယ်။အဲ့ဒိတုန်းကတော့ ဒဏ်ရာပဲရပြီး မသေခဲ့ဘူး။အခုကျတော့ ပစ်တဲ့သူက အသေအချာအနီးကပ်ပြီးတော့ကို ပစ်သွားတာ”လို့ ဖြစ်စဥ်ကို သိတဲ့ဒေသခံပြည်သူတဦးကပြောပါတယ်။
စစ်ကောင်စီကတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလအထိ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြောင့်အရပ်သားပေါင်း၅၄၄၇သေဆုံးပြီး ၄၅၇၇ဦးဒဏ်ရာရတယ်လို့ထုတ်ပြန်ထားပါတယ်။
Photo စစ်တပ်ထောက်ခံတယ်လီဂရမ်