မေ၊ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောနယ်မြေ ရဲစခန်းကို မနေ့က မနက်ပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရကာ လက်နက်တချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ အဲဒီအနီးနားမှာနေထိုင်တဲ့ ဒေသခံတဦးက DNA ကို အတည်ပြုပြောပါတယ်။
” အဲဒီစခန်းမှာက အင်အားသိပ်မရှိလောက်ဘူး၊ အဲ့ရွာကလည်း သေးတော့ ရဲစခန်းကလည်း သိပ်အကြီးကြီးတော့ မဟုတ်ဘူး၊ ဖြစ်ပြီးတဲ့အချိန်မှ မန္တလေးဘက်ကနေ စစ်ကူတွေ အဲ့ဘက်ကိုသွားတာတော့ ရှိတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ခိုက်ခံရမှုအတွင်း ရဲနှစ်ဦးသေဆုံးသလို နှစ်ဦးဒဏ်ရာရကာ နှစ်ဦးကိုတော့ တိုက်ခိုက်တဲ့အဖွဲ့တွေက ဖမ်းဆီးသွားတာလို့ သိရပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။
ရှမ်းမြောက်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒီတိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
စစ်အုပ်စုနဲ့နီးစပ်သူတွေကတော့ ရှမ်းမြောက်ဒေသ မိုးမိတ်မြို့၊ တွင်းငယ်နဲ့ မိုးမိတ်ကြားက ကျောက်မောနယ်မြေရဲစခန်းကို KIA/PDF က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရဲစခန်းတိုက်ခိုက်ခံရချိန်မှာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် တပ်မ ၁၃ ကနေ စစ်ကူသွားတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျောက်မောရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အဲဒီဒေသမှာ ရောက်ရှိနေတဲ့ ရွှေတူးဖော်ရေးလုပ်ကိုင်သူတွေဟာ အဲ့ဒီဒေသမှာ ဆက်ပြီးမနေရဲတော့တာကြောင့် နေရပ်ပြန်သွားကြသူတွေရှိသလို ကျေးရွာက ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
” ရဲစခန်းသိမ်းဖို့က သိပ်တော့မလွယ်ဘူးဗျ၊ အဲ့နယ်က ရွာနဲ့လည်း အရမ်းမဝေးတော့ ၁၃ တပ်က ခဏနဲ့ရောက်မှာ၊ အဲ့လိုဆို အခြေအနေက ပိုဆိုးမှာ၊ ရွှေလုပ်တဲ့ လုပ်သားတွေကတော့ ကိုယ့်ရပ်ကိုယ် ပြန်ခဲ့ကြတာများတယ်၊ အဲဒီဖက်မှာ ကိုယ်ပိုင်ရွှေလုပ်ကွက်တွေမှာ အလုပ်သမားအများကြီးနဲ့ ရွှေလုပ်ငန်းလုပ်တဲ့အကွက်တွေတော့ တော်တော်များများ ရှိတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
အရင်က အဲဒီဒေသဘက်ကို စစ်ကြောင်းထိုးတာတွေရှိပေမယ့် အခုလိုရဲစခန်းကို တိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Google