စစ်ကောင်စီဖမ်းဆီးသွားတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင်သုံးဦး ပြန်လွတ်လာ

မေ၊ ၂၄

မုန်တိုင်းသင့်ပြည်သူတွေကို ကူညီမှုတွေလုပ်ပေးနေရင်း မနေ့ကဖမ်းဆီးခံလိုက်ရတဲ့ စစ်တွေမြို့က စာ ရေးဆရာဝေဟင်အောင်နဲ့ အဖွဲ့ဟာ ဒီကနေ့ မေလ ၂၄ ရက် နေ့လယ်ပိုင်းမှာ ပြန်လွတ်လာကြတယ်လို့ နီးစပ်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စာရေးဆရာဝေဟင်အောင်နဲ့အဖွဲ့ကို မနေ့က  စစ်တွေမြို့နယ် ကျောက် တန်းစစ်ဆေးရေးဂိတ်အနီးမှာ ဖမ်း ဆီးခဲ့တာဖြစ်ပြီး တရက်ကြာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ပြန်လွှတ်ပေး လိုက်တာဖြစ်ပါတယ်။

“စစ်ကြောရေးစခန်းကို ခေါ်စစ်တယ်လို့ သိရတယ်၊ ပြီးမှ ဒီနေ့လွှတ်ပေးလိုက်တာ၊ သူ့သမီးကိုတော့ မ နက်အစော ပိုင်းမှာလွှတ်ပေးတယ်၊သူနဲ့ နောက်သူတပည့်တယောက်ကိုကျတော့ နေ့ခင်းလောက်မှ လွှတ်ပေးတာ”လို့ စာရေးဆရာဝေဟင်အောင်နဲ့ နီးစပ်သူက အတည်ပြုပါတယ်။

ဒါပေမယ့် စစ်ကြောရေးမှာ ဘာတွေ မေးမြန်းစစ်ဆေးခံခဲ့ရတယ်၊ ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အသေးစိတ်အ ခြေအနေတွေကိုတော့ မသိရသေးသလို ပြန်လည်လွတ်မြောက်လာတဲ့ စာရေး ဆရာ ဝေဟင်အောင်ဆီ DNA ကဆက်သွယ်မေး မြန်းရာမှာလည်း အသေးစိတ်ပြန်လည်ဖြေကြားတာမျိုးမရှိပါဘူး။

 စာရေးဆရာဝေဟင်အောင်၊သမီးဖြစ်သူတို့နဲ့အတူ မနေ့ကစုစုပေါင်းငါးဦးဖမ်းဆီးခံရတာဖြစ်ပြီး လက် ရှိအထိ သုံးဦးပြန်လွတ်လာတာကိုပဲအတည်ပြုထားနိုင်ပါတယ်။

နောက်ထပ်နှစ်ဦးကတော့ ရန်ကုန် တောင်ဥက္ကလာမြို့နယ်အခြေစိုက် ဗိုလ်စိန်ပရဟိတအဖွဲ့က အဖွဲ့ဝင်တွေလို့ဆိုပေမယ့် ပိတ်သိမ်းကြောင်းကြေညာခံထားရတဲ့ သတင်းဌာနတွေအတွက်အလုပ်လုပ်နေသူတွေဖြစ်ကြောင်းစစ်ဆေးတွေ့ရှိထားလို့ ပြန်မလွှတ်သေးဘဲ ဆက်လက်စစ်ဆေးဦးမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC နဲ့ VOA မြန်မာပိုင်းသတင်းဌာနတွေကိုပြော ထားပါတယ်။

မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ လူနေအိမ်အပါအဝင် အဆောက် အဦး ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့ပြီး ဆန်အပါအဝင် စားနှပ်ရိက္ခာတွေလည်း ပျက်စီးသွားခဲ့ကာ စားရေး သောက်ရေး၊ နေရေးထိုင်ရေး အကြပ်အတည်း၊ အခက်အခဲတွေနဲ့ ကြုံနေကြကာ အရေးပေါ်အကူအညီတွေ လိုအပ် နေကြတာဖြစ်ပါတယ်။

အဲဒီလိုအခြေအနေမှာ စာရေးဆရာဝေဟင်အောင်ဟာ ဝေဟင်အောင်ပရဟိတအဖွဲ့အနေနဲ့ ပုဂ္ဂလိကအလှူငွေတွေ ကောက်ခံပြီး ကူညီထောက်ပံ့မှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။ 

စာရေးဆရာဝေဟင်အောင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုး ရလက်ထက် ၂၀၁၈ ခုနှစ်မှာစစ်တပ်က တရားလိုလုပ်တိုင်ကြားအမှုဖွင့်လို့နိုင် ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅၊ နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၀၂ တို့နဲ့ ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံခဲ့ရပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဌဟောင်း အခု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဌ ဒေါက်တာအေးမောင်နဲ့အ တူ စာပေဟောပြောပွဲတခုမှာ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေကြောင့် ထောင်ကျခဲ့တဲ့ စာရေး ဆရာဝေဟင် အောင်ဟာ ၂၀၂၁ ခုနှစ်မှာစစ်ကောင် စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်လာခဲ့ပြီးနောက်ပိုင်းလူမှုကူညီရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ် ကိုင်နေခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်က ပြောဆိုချက်တွေအရတော့ စာ ရေးဆရာဝေဟင်အောင်နဲ့အဖွဲ့ဖမ်းဆီးခံရတာဟာ သူတို့ကိုအဓိကဖမ်းဆီးလိုတာကြောင့်မဟုတ်ဘဲ သူနဲ့အတူလိုက်ပါလာတဲ့ ရန်ကုန်ကပရဟိတအဖွဲ့ဝင်နှစ်ဦးကိုစစ်ဆေးရင်းကဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။