မုန်တိုင်းသင့်ပြည်သူတွေကိုကူညီနေတဲ့ စာရေးဆရာဝေဟင်အောင် ဖမ်းဆီးခံရ

မေ၊ ၂၃
 
ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ သောက်သုံးရေရရှိရေးတို့အတွက် အလှူငွေတွေကောက်ခံကာ ကူညီပေးနေတဲ့ စစ်တွေမြို့က စာရေးဆရာ ဝေဟင်အောင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ မေလ ၂၃ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
 
“ စစ်တွေကနေ ပုဏ္ဏာကျွန်းဘက်ကို ရေလှူဖို့သွားတဲ့လမ်းမှာ အဖမ်းခံလိုက်ရတာပါ၊ ကျောက်တန်းဂိတ်နားမှာ စစ်တပ်က ဖမ်းတာ၊ စာရေးဆရာဝေဟင်အောင်နဲ့ နောက်သုံးယောက်ကို ဖမ်းသွားတာပါ၊ ဒီနေ့ နေ့ခင်းလောက်က ဖြစ်မယ် ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက DNA ကို အတည်ပြုပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သလို လူငယ်စာရေးဆရာတဦးလည်းဖြစ်တဲ့ ဝေဟင်အောင်ဟာ သူ့အဖွဲ့ဝင်လူငယ်တွေနဲ့အတူ သောက်သုံးရေတွေ တင်လာပြီး ပုဏ္ဏားကျွန်းမြို့နယ် ကုလားရွာချောင်းကျေးရွာတွေကို ရေသွားလှူရင်းလမ်းမှာ အဖမ်းခံရတာလို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲမှာ စာရေးဆရာဝေဟင်အောင်ရဲ့သမီးဖြစ်သူလည်း ပါဝင်နေတယ်လို့ သတင်းတွေထွက်နေပြီး အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
 
စာရေးဆရာ ဝေဟင်အောင်ကို စစ်တပ်က ဖမ်းဆီးရတဲ့အကြောင်းပြချက်ကို တိတိကျကျမသိရသေးသလို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ နီးစပ်သူတွေက ပြောကြပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီနေတဲ့အပေါ် ဟန့်တားလိုတဲ့ရည်ရွယ်ချက်နဲ့ အခုလိုမျိုးဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတခုက လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတဦးက မှတ်ချက်ပြုပါတယ်။
 
“ စကစဟာ နိုင်ငံတကာကရော၊ ပြည်တွင်းကရော ကူညီရေးအဖွဲ့တွေကို သိပ်ခွင့်ပြုချင်တာ မဟုတ်ဘူး၊ အလှူငွေတွေကို သူတို့လက်ထဲကနေပဲ သွားစေချင်တာလေ၊ အခုလည်း ဆရာဝေဟင်အောင်ကို ဖမ်းတယ်ဆိုတာ အခုလိုပြည်သူတွေကို ကူညီလို့မရအောင် လုပ်လိုက်တာလို့ ထင်တယ်၊ စစ်တပ်ရဲ့အကျင့်အတိုင်း ယုတ်မာတာပေ့ါဗျာ ” လို့ သူကဆိုပါတယ်။
 
မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ လူနေအိမ်အပါအဝင် အဆောက်အဦး ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့ပြီး ဆန်အပါအဝင် စားနပ်ရိက္ခာတွေလည်း ပျက်စီးသွားခဲ့ကာ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အကျပ်အတည်း အခက်အခဲတွေနဲ့ ကြုံနေကြကာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြတာဖြစ်ပါတယ်။
 
အဲဒီလိုအခြေအနေမှာ စာရေးဆရာဝေဟင်အောင်ဟာ ဝေဟင်အောင်ပရဟိတအဖွဲ့အနေနဲ့ ပုဂ္ဂလိကအလှူငွေတွေကောက်ခံပြီး ကူညီထောက်ပံ့မှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။
 
စာရေးဆရာ ဝေဟင်အောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက် ၂၀၁၈ ခုမှာ စစ်တပ်က တရားလိုလုပ်တိုင်ကြားအမှုဖွင့်လို့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၀၂ တို့နဲ့ ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံခဲ့ရပါသေးတယ်။
 
ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဌဟောင်း၊ လက်ရှိရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဌ ဒေါက်တာအေးမောင်နဲ့အတူ စာပေဟောပြောပွဲတခုမှာ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေကြောင့် ထောင်ကျခဲ့တဲ့ စာရေးဆရာဝေဟင်အောင်ဟာ ၂၀၂၁ ခုနှစ်မှာစစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။
 
အဲဒီနောက်ပိုင်းမှာ ဖောင်ဒေးရှင်းတခုတည်ထောင်ကာ လူမှုကူညီရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ 
ဓာတ်ပုံ – Wai Wun Aung
ပုံစာ – စစ်တွေမြို့က မုန်တိုင်းသင့်ဒေသခံတွေကို ငွေကြေးထောက်ပံ့နေတဲ့ စာရေးဆရာဝေဟင်အောင်ကို တွေ့ရစဥ်။