မေ၊ ၂၁
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း ပဒူတိုက်နယ်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ မေလ၂၁ရကါမနက်ခင်းပိုင်းကစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့်စစ်ရှောင်သွားတဲ့ ကားတစီးတိမ်းမှောက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
“စစ်ကြောင်းကအင်အား၁၀၀ကျော်ပါတယ် လက်နက်ကြီး၊ ငယ်တွေနဲ့ရမ်းပစ်တော့ရှောင်ကြရတယ် ။ခက်ခနားမှာ စစ်ရှောင်ကားမှောက်တာပေါ့ ။ကားပေါ်မှာ ပါတဲ့၂၅နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးပြီး ၆ဦးဒဏ်ရာရတယ်လို့သိရတယ် “ လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
သေဆုံးသွားသူဟာပဒူရွာကဖြစ်ပြီးဒဏ်ရာရရှိသူတွေကိုတော့ ဆေးဝါးကုသမှုပေးထားပေမယ့်အသေးစိတ်အချက်လက်တွေကိုတော့ စစ်ကြောင်းအခြေနေကြောင့် မသိရသေးဘူးလို့သူကဆိုပါတယ်။
ပဒူတိုက်နယ်ထဲက ပဒူ၊ ကန်ကြီးကုန်း၊ ကျောက်ပနံ၊ ရွာသစ် စတဲ့ရွာကြီးလေးရွာ အပါအဝင် စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခအနောက်ရွာနဲ့ အနားမှာရှိတဲ့ ရွာတွေက ဒေသခံတသောင်းနီးပါးထွက်ပြေးနေရတယ်လို့သူကဆိုပါတယ်။
“ စစ်ရှောင်တွေက ဘုန်းတော်ကြီး ကျောင်းတွေ၊နီးစပ်ရာကျေးရွာတွေက စာသင်ကျောင်းတွေ ၊ တောထဲကအရိပ်ရနေရာတွေနဲ့နီးစပ်ရာကျေးရွာတွေကဆွေမျိုးတွေဆီကိုသွားရောက်တိမ်းရှောင်နေကြရတယ်။အနီးတဝိုက်ရွာတွေကဒေသခံတွေက ထမင်းထုပ်ဝေတာတွေနဲ့စားသောက်နေရတယ်”လို့သူကဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေစတင်ပြီး ၂၀၂၃ခုနှစ်ဧပြီလအထိ စာရင်းအရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်က နှစ်သန်းခြောက်သိန်းကိုးသောင်းကျော်ရှိလာပါတယ်။
အဲဒီထဲကစစ်ကိုင်းတိုင်းက တသန်းသုံးသိန်းခုနှစ်သောင်းကျော်ပါဝင်ပြီး စစ်ရှောင်အားလုံးရဲ့ထက်ဝက်ကျော်ရှိတယ်လို့သုတေသနအဖွဲ့စည်းတစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့အချက်လက်တွေအရသိရပါတယ်။