ညောင်ဦးမြို့က တက်မရေနံမှော်အတွင်း တူးဖော်ထုတ်လုပ်မှု စစ်အုပ်စုကပိတ်ပင်

မေ၊ ၂၁
 
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ နာမည်ကျော် တက်မရေနံမှော်အတွင်း ရေနံတူးဖော်မှုကို စစ်အုပ်စုက မေလ ၂၁ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာစတင်ပြီး ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက DNA ကို အတည်ပြုပြောဆိုပါတယ်။
 
” ဒီကနေ့မနက် ခြောက်နာရီလောက်ကတည်းက ပိတ်လိုက်တာဗျ။ ခပ်တာကို လုပ်လို့မရဘူး။ အကျိုးအကြောင်းလည်း ကျနော်တို့ မသိရဘူး။ မခပ်ရဘူး၊ စက်မလည်ရဘူးပြောပြီးတော့ ပိတ်တာ။ မနေ့ကတည်းက စာပေးထားတာပေါ့။ အခုတော့ မှော်ထဲ မီးတောင် မထွန်းရဘူးလို့ပြောတယ် ” လို့ တက်မရေနံမှော်မှာ လုပ်ကိုင်သူတယောက်က ပြောပါတယ်။
 
DNA ကဖတ်ရှုခွင့်ရခဲ့တဲ့ တက်မရေနံမြေ လုပ်ငန်းရှင်များအဖွဲ့ကော်မတီက ထုတ်ပြန်ထားတဲ့စာအရ ဒီကနေ့စပြီး ရေနံမြေအတွင်း ရေနံကျင်းတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ဖို့ တားမြစ်ထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ဆိုထားပါတယ်။
 
တက်မရေနံမှော်ထဲမှာ အလုပ်သမားပေါင်း ရာနဲ့ချီလုပ်ကိုင်နေတဲ့အတွက် အခုလိုပိတ်ပင်တာဟာ ဒေသခံအလုပ်သမားတွေနဲ့ ရေနံကျင်းလုပ်ကိုင်သူတွေရဲ့စားဝတ်နေရေး အများကြီး ထိခိုက်နစ်နာရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
” အရင်တုန်းက ကျင်းတပေါက်ကို သိန်းတရာလောက်ပေးလုပ်ရတယ်။ ကျင်းထဲကထွက်သလောက်လုပ်လို့ရတယ်။ အခုက မှော်ထဲရောင်းချတာရော ဘာမှလုပ်မရတော့ဘူး။ တကျင်းကို လူတယောက်ပဲ အစောင့်ထားလို့ရတယ်။ ပစ္စည်းတွေလည်း သယ်မရဘူးဆိုတော့ အခုမှစလုပ်မယ့် ကျင်းသမားတွေကော အလုပ်သမားတွေကော အကုန်ငုတ်တုတ်မေ့ကုန်တာပေါ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်အုပ်စုက စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်းထဲက ရေနံမှော်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြီးစိုးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းလိုင်စင်ထုတ်ပေးမှုကို ဒီလ လေးရက်က ဆိုင်းငံ့လိုက်တာပါ။
 
စစ်အုပ်စုက သူတို့စိုးမိုးနိုင်တဲ့ နေရာတွေက ရေနံမှော်တွေကိုသာ တားဆီးရနိုင်ပေမယ့် တက်မရေနံမှော်နဲ့ နီးကပ်မှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ မကွေးတိုင်းထဲက ရေနံမှော်တွေကို ပိတ်ပင်လို့မရဘူးလို့ မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့က ဗိုလ်လျာယာက ပြောပါတယ်။
 
” သူတို့ကတော့ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်တဲ့ဟာတွေ လိုက်တားမှာပဲ။ သူဘာသာ လိုင်စင် ပေးပေး၊ မပေးပေး ကျနော်တို့ကတော့ လုပ်မှာပဲ။ ရေနံစိမ်းတွေရောင်းရရင် ကျနော်တို့က လက်နက်ဝယ်မယ်။ ဝယ်ရင်သူတို့က ပြိုမှာလေ။ ပြိုမှာကြောက်လို့ ဒီဟာတွေပိတ်တာပေါ့ဗျ။ တက်မပဲ သူတို့ပိတ်တာပါ။ ညောင်ဦးအရှေ့ဖက်က မကွေးထဲက နေရာတွေကျ သူတို့မလာရဲဘူး။ လေကြောင်းမပါဘဲ သူတို့ကို လာစေချင်နေတာ။ မလာတော့ အခုကျနော်တို့မှာ အလုပ်ကိုမရှိကြဘူး ” လို့ သူကဆိုပါတယ်။
 
အဲဒီတက်မရေနံမှော်မှာ ရေနံဘယ်လောက်ထွက်တယ်၊ လုပ်ငန်းရှင်ဘယ်လောက်ရှိတယ်၊ တွင်းလုပ်သား ဘယ်လောက်ရှိတယ် စတဲ့အချက်အလက်တွေကိုတော့ တိတိကျကျမသိရပါဘူး။
 
လက်ရှိမှာ ရေနံစိမ်းတပေပါကို ကျပ် နှစ်သိန်းသုံးသောင်းဝန်းကျင်လောက်ဈေးပေါက်နေပြီး စက်သုံးဆီဈေးမြင့်နေတဲ့အတွက် အခုလို ပြည်တွင်းက ရေနံမှော်တွေကို ပိတ်ပင်ပါက လောင်စာဆီဈေး ပိုမြင့်လာနိုင်တယ်လို့ ရေနံစိမ်းလုပ်ကိုင်သူတွေက ခန့်မှန်းနေကြပါတယ်။ 
ဓာတ်ပုံ – CJ