ရွေးကော်ဒုညွှန်ချုပ်ကို ပစ်သတ်တယ်ဆိုပြီး ဖမ်းဆီးထားသူဆယ်ဦးမှာ မသက်ဆိုင်သူတွေပါဝင်နေတယ်လို့ဆို

မေ၊ ၂၁
 
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ပစ်ခတ်သတ်ဖြတ်တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူ ဆယ်ဦးမှာ မသက်ဆိုင်သူတွေပါဝင်နေတယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
 
ဦးစိုင်းကျော်သူကို စက်ဘီးစီးလာတဲ့ လူငယ်နှစ်ဦးက ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာဆေးခန်းအနီးမှာ ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်ခဲ့ပြီးနောက် တလနီးပါးအကြာမှာ လူငယ်ဆယ်ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်လာတာပါ။
 
ဖမ်းဆီးရမိသူတွေဟာ Yangon Revolution Force (YRF) အဖွဲ့ဝင်တွေဖြစ်ပြီး ပစ္စတို နှစ်လက်၊ လက်လုပ်သေနတ်ကိုယ်ထည် တခု၊ လက်ပစ်ဗုံး တလုံး၊ ကျည်မျိုးစုံ ၅၆ ခုအပါအဝင် ပစ္စည်းတွေနဲ့အတူ စမ်းချောင်း၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ ကမာရွတ်၊ ဒလနဲ့ ရွှေပြည်သာမြို့နယ်တွေကနေ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
 
ဒါပေမယ့် ဦးစိုင်းကျော်သူကို လုပ်ကြံတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတဲ့ YRF အဖွဲ့ကတော့ သူတို့အဖွဲ့ဟာ အကြမ်းမဖက် ပြောက်ကြားသပိတ်ပြုလုပ်သူတွေသာဖြစ်ပြီး လက်နက်ကိုင်လုပ်ကြံမှုမှာ မပါဝင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
 
” ဒီသတင်းထုတ်ပြန်ချက်ကတော့ လုပ်ကြံစီစဉ်ထားတာတွေနဲ့ တွေ့ရာလူဆွဲထည့်ထားတာတွေ များပါတယ်။ ကျွန်တော်တို့အနေနဲ့ ထွေထွေထူးထူးမပြောလိုပါဘူး။ သက်ဆိုင်တဲ့သတင်းတွေက ထုတ်ပြန်ပါလိမ့်မယ် ” လို့ YRF တာဝန်ရှိသူက ပြောပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီဖမ်းဆီးထားတဲ့ ဆယ်ဦးထဲမှာ YRF အဖွဲ့ဝင်တွေ ပါဝင်ပေမယ့် ဘယ်လောက်ပါဝင်တယ်ဆိုတာကို ပြောဖို့ ငြင်းဆိုပြီး သီးခြားထုတ်ပြန်ချက်ထုတ်မယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
 
စစ်ကောင်စီကတော့ YRFကို ဥက္ကာလင်းယံနဲ့ Jame တို့က ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၂၂ ဦးရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
အဲဒီပစ်ခတ်မှုကို ဆောင်ရွက်ခဲ့တာဟာ For the Yangon လို့ခေါ်တဲ့ မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်းစစ်ဒေသ ကွပ်ကဲရေးတာဝန်ခံက မီဒီယာတွေကို အတည်ပြုထားတာလည်း ရှိပါတယ်။
 
ဖမ်းဆီးခံရသူဆယ်ဦးထဲမှာ အဖွဲ့ဝင်သုံးဦးပါတယ်လို့ For the Yangon မြို့ပြပြောက်ကျားအဖွဲ့က အတည်ပြုပေမယ့် မဆိုင်တဲ့သူတွေ၊ မဆိုင်တဲ့အဖွဲ့နာမည်တွေ ကောက်တပ်တာဖြစ်တယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
” အဖွဲ့ဝင်သုံးဦးပါတယ်ဆိုတာ အတည်ပြုပါတယ်။ ဒါပေမယ့် စကစ (စစ်ကောင်စီ)ကြေညာချက်ကတော့ ဇာတ်လမ်းဆင်ပြီး ပြောပြကြေညာသွားတာပါ။ ဒီကြေညာချက်မှာတော့ လုပ်ကြံစီစဉ်ပြီး တွေ့သမျှနာမည်ကောက်တပ်ထားတယ်။ ရဲဘော်တွေ ဘယ်မှာဘာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့မသိရသေးပါဘူး ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီဟာ ရန်ကုန်တိုင်း၊ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေမှာ လမ်းသွားလမ်းလာလူငယ်တချို့ကို ပစ်မှတ်ထားဖမ်းဆီးတာ၊ ဧည့်စာရင်းရှောင်တခင်စစ်တာတွေ ပြုလုပ်တာကြောင့် မေလအတွင်းမှာ လူငယ် သုံးဆယ်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သပိတ်အဖွဲ့ဝင်တွေက ပေးပို့တဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
ဦးစိုင်းကျော်သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲမလျော်သြဇာသုံးတယ်ဆိုပြီး စစ်ကောင်စီက အမှုဖွင့်တရားစွဲရာမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သူဖြစ်ပါတယ်။ 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ