ကျိုက်ထိုက ကျေးရွာချင်းဆက်ပိုင်းနှစ်ခု စစ်ကောင်စီတပ်ဖျက်ဆီး

မေ၊ ၂၁
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကျေးရွာချင်းဆက်လမ်းပိုင်းနှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖျက်ဆီးလိုက်တာကြောင့် သွားလာရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ အခုက အဓိကလမ်းပိုင်းတွေကို ဖျက်ဆီးသွားတာဆိုတော့ လမ်းသွားဖို့က အခက်အခဲဖြစ်တာပေါ့၊ ဆိုင်ကယ်တို့၊ ကားတို့ ဘယ်လိုမှ သွားလို့မရဘူး၊ ဟုတ်တယ်လေ၊ ဒီဘက်လူတွေကလည်း မြို့ထဲသွားပြီး ဈေးဝယ်ဖို့က အခက်အခဲရှိလာတာပေါ့၊ နောက်ပိုင်းဆို ကုန်ဈေးနှုန်းကြီးလာဦးမယ်ထင်တယ်၊ ဒီမှာအလုပ်လုပ်တာ မကောင်းတဲ့ကြားက လုပ်ကိုင်စားသောက်ဖို့က မလွယ်ဘူးနော်၊ အခုတော့ အဲလမ်းကို ဘယ်သူက မပြင်ရဲကြဘူးလေ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းကို ဘက်ဟိုးနဲ့ အနက်ခြောက်ပေနီးပါး တူးဖော်ဖျက်ဆီးခဲ့ပါတယ်။
 
ဒါ့အပြင်မေလ ၂၀ ရက် ညနေပိုင်းမှာလည်း ဝင်းကလော ကျေးရွာဆက်လမ်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဘက်ဟိုးနဲ့ ထပ်မံဖျက်ဆီးသွားတာဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်က ဖျက်ဆီးသွားတဲ့ ကျေးရွာချင်းလမ်းပိုင်းကဆိုရင် ကင်မွန်းချောင်းကျေးရွာကနေ ဆောင်နိုင်ကြီး၊ မဲရုံးလေး၊ မဲရုံးကြီး၊ ကဒိုင်တွတ်၊ မိုးဘော၊ နတ်စင်အပါအဝင် ကျေးရွာပေါင်းဆယ်ရွာကို အဓိကသွားလာနေရတဲ့ လမ်းပိုင်းတခုဖြစ်ပါတယ်။
 
ဝင်းကလောကျေးရွာ လမ်းပိုင်းကဆိုရင်လည်း ဘီးလင်းမြို့နယ်ဘက်ကို ဆက်သွယ်နေတဲ့ လမ်းမကြီးတခုဖြစ်ပြီး ဖျက်ဆီးခံလိုက်ရတဲ့ လမ်းပိုင်းနှစ်ခုစလုံးက ထိစပ်မှုရှိတယ်လို့ သိရပါတယ်။
 
“ ပထမနေ့က ဆောင်နိုင်ကြီးဘက်ကို အရင်ဖျက်ဆီးသွားတယ်၊ မနေ့က ညနေကျတော့ ဒီဝင်းကလောဘက်က လမ်းကို ဖျက်ဆီးလိုက်တာ၊ ဘက်ဟိုးနဲ့ပဲ အနက်ကခြောက်ပေနီးပါးလောက်ရှိတာပေါ့။ သူတို့က ဘာရည်ရွယ်ချက်နဲ့ လုပ်တာတော့ မသိပေမယ့်၊ ဒီဘက်မှာ ရွာတွေအများကြီးရှိတယ်၊ ဒီလမ်းပိုင်းကို အသုံးပြုနေရတာ၊ ငါးရွာ၊ ခြောက်ရွာလောက်က၊ အားလုံးဆို ဆယ်ရွာကလူတွေ ဒုက္ခရောက်တာပေါ့၊ ပထမလမ်းကို ဖျက်ဆီးလိုက်ရင် နောက်တလမ်းက သွားလို့ရတယ်၊ အခုက နောက်တလမ်းမှာ ဖျက်လိုက်တော့ သွားလာရေးအခက်အခဲဖြစ်ကြတာပေါ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အဆိုပါကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖျက်ဆီးတဲ့အချိန်မှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ပြီးမှ ဘက်ဟိုးနဲ့ လမ်းဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
“ ပထမတခါကတော့ စစ်သားတွေအများကြီးနဲ့ လာပြီး ဆောင်နိုင်ကြီးဘက်ကို လက်နက်ကြီးပစ်ပြီးမှ သူတို့တူးသွားတာလို့ သိရတယ်။ မနေ့ညနေကတော့ စစ်သားတွေ ကား သုံးစီး၊ လေးစီးလောက်ရှိမယ်၊ သူတို့ရောက်လာတာ၊ လက်နက်ကြီးတော့ မပစ်ဘူး၊ ဒီအတိုင်းပဲ ဘက်ဟိုးနဲ့ တူးပြီး ပြန်သွားတာ ” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
ဒီလိုကျေးရွာချင်းဆက်လမ်းပိုင်း ဖျက်ဆီးလိုက်တာဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဲဒီလမ်းပိုင်းကို အသုံးပြုပြီး ကျိုက်ထိုမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို မကြာခဏသွားရောက်တိုက်ခိုက်နေတာကြောင့် ယခုလို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစုမှ PDF ရဲဘော်တဦးကတော့ “ သူတို့က ကျွန်တော်တို့ အဲဒီလမ်းပိုင်းကို အသုံးပြုနေတာ ထင်တယ်၊ စစ်ရေးအရတော့ ဘယ်လမ်းပိုင်းကို သုံးနေတာတော့ မပြောချင်ပေမယ့်၊ ဒါက ကျွန်တော်တို့ကို ကြောက်ပြီး သူတို့ကို လာတိုက်မှစိုးလို့ပေါ့၊ ဒါပေမယ့် အခုသူတို့လုပ်သွားတာက အဓိက ပြည်သူတွေ ဒုက္ခရောက်ကုန်တာပေါ့၊ ဘာမှ သွားလာလို့မရတော့ဘူး၊ ပြည်သူတွေအတွက်က၊ စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံတွေကို မရရတဲ့နည်းလမ်းနဲ့ တော်လှန်သွားမှာပဲ ” လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကလည်း ကော့ကရိတ်မြို့နဲ့ ကြားအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားတဲ့ တောင်ကြာအင်းကျေးရွာလမ်းပိုင်းကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက ဘက်ဟိုးနဲ့ ဖျက်းဆီးခဲ့တာကြောင့် ကော့ကရိတ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာက ဒေသခံပြည်သူတွေကလည်း သွားလာရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက DNA ကို ပြောဆိုထားပါတယ်။ 
ဓာတ်ပုံ – Kyaikhto Information Team