မေ၊ ၂၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှာ နေထိုင်တဲ့ အသက် (၁၆)နှစ်အရွယ် မိန်းကလေးငယ်တဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသက် (၁၆)နှစ်ဝန်းကျင်အရွယ် မောင်းမကန်ရွာခံ မယဉ်ဖူးပွင့်ဆိုသူကို မနေ့ကနေ့လယ်ပိုင်းမှာ မိသားစုပိုင်စားသောက်ဆိုင်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
” ဆိုင်ကို အရင်ဝိုင်းလိုက်ပြီးမှ ဝင်ဖမ်းတာ၊ နာမည်၊ ဓာတ်ပုံ အတိအကျနဲ့ လာတာ၊ သူ့အိမ်က လိုက်သွားလို့ လောင်းလုံးရဲစခန်းမှာ ဖမ်းထားတယ်လို့တော့ သိရပြီ ” လို့ အဲ့ဒီဒေသခံက DNA ကို ပြောပါတယ်။
မယဥ်ဖူးပွင့်ဟာ မောင်းမကန်ကမ်းခြေက သူ့မိသားစုပိုင် စားသောက်ဆိုင်မှာ ရှိနေချိန် မောင်းမကန် နယ်မြေရဲစခန်းကနေ ကားတစီးနဲ့ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်ရှစ်ဦးလောက်က ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မောင်းမကန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တရက်တည်း ပြည်သူခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။
အဲဒီထဲက ခြောက်ဦးကတော့ အခုလဆန်းပိုင်းမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထားဝယ်အကျဥ်းထောင်ကနေ ပြန်လွတ်လာပြီလို့ သိရပါတယ်။ နာမည်ကျော် မောင်းမကန်ကမ်းခြေရှိတဲ့ မောင်းမကန်ကျေးရွာဟာ ထားဝယ်မြို့နဲ့ ၇ မိုင်ခန့်သာ ဝေးပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူအတည်ပြုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ပြီးခဲ့တဲ့ဧပြီလကုန်အထိ စစ်ကောင်စီက လူဦးရေ (၂၂၅၀၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးခြောက်ရာနီးပါး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အရွယ်မရောက်သေးသူတွေထဲက ငါးရာနီးပါးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ AAPP ကဖော်ပြထားပါတယ်။
ဓာတ်ပုံ – CJ