မန္တလေးမြို့မှာ ရာအိမ်မှူးကို ဗုံးပစ်တိုက်ခိုက်ပေမယ့်မိခင်သေဆုံး၊ နှစ်ဦးဒဏ်ရာရ

မေ၊ ၁၉

မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်ထဲက စစ်ကောင်စီခန့်ရာအိမ်မှူးတဦးကို ဒီကနေ့မနက်ကဗုံးပစ်တိုက်ခိုက်ပေမယ့်မိခင်ဖြစ်သူသေဆုံးပြီးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

” (ဗုံးက)အိမ်ထဲကျကွဲသွားတာပေါ့။ အိမ်ထဲထိုင်နေတဲ့ ဦးသန်းနိုင်အမေ ထိသွားတယ်။ စခတွေရောက်လာပြီးဆေးရုံပို့တဲ့အချိန်သေသွားတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ဗုံးနဲ့လာရောက်တိုက်ခိုက်သူနှစ်ဦးဟာ ဒီကနေ့ မနက်၇နာရီလောက်မှာ ဆိုင်ကယ်နဲ့လာရောက်ပြီးချမ်းမြသာစည်မြို့နယ်၊အောင် ပင်လယ်ရပ်ကွက်၊အကွက်(၁၂)/၅၅ လမ်းနဲ့ ၅၂ (A)လမ်းကြား၊ ၁၀၃လမ်းနှင့်၁၀၄လမ်းကြားရှိ စစ်ကောင်စီခန့် ရာအိမ်မှူးဦးသန်းနိုင်ရဲ့နေအိမ်ကိုဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဗုံးပေါက်ကွဲချိန်မှာ ရာအိမ်မှူးဦးသန်းနိုင်အိမ်မှာမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့သော်လည်း အသက်၆၇နှစ်အရွယ်မိခင်ဖြစ်သူဒေါ်နီသေဆုံးခဲ့ပြီး နေအိမ်ထဲရှိ တခြားသူနှစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းကဒဏ်ရာရရှိသူနှစ်ဦးဟာ ကိုဖိုးချစ်(၃၈နှစ်)နဲ့ မအေးအေးနွယ်(၃၇နှစ်)တို့ဖြစ်ပြီးခြေထောက်၊ ရင်ဘတ်နဲ့ ဦးခေါင်းတို့မှာ ထိခိုက်ဒဏ်ရာရခဲ့ပေမယ့်သိပ်မစိုးရိမ်ရဘူးလို့စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုထုတ်ပြန်ကြေညာတာမတွေ့ရသေးပါဘူး။

အလားတူပဲ မနေ့က မေလ ၁၈ ရက်၊ည ၈ နာရီလောက်မှာ အောင်မြေသာစံမြို့နယ် ၊၇၃လမ်း ၇၄လမ်းကြား၊ ၈လမ်း ၉လမ်းကြားရှိ ဥပုဿ်တော်ရပ်ကွက်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ကူညီထောက်ပံ့ပေးနေတဲ့ ဒေါက်တိုင်ရုံးဖြစ်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ပြောက်ကျားတပ်ဖွဲ့တခုဖြစ်တဲ့ No More Dictatorship People Defence Force – NMD အဖွဲ့က အသိပေးထားပါတယ်။

ရပ်ကွက်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော်လည်း အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရုံးအဆောက်အဦးနဲ့ လူထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။

မန္တလေးမှာ ဒီလအစောပိုင်းအပတ်အတွင်းက အမရပူရမြို့နယ် ရဲစခန်းအပါအဝင် လဝက ရုံးတွေကို ဗုံးထုတိုက်ခိုက်ခံရလို့ လူသေဆုံးမှုတွေရှိခဲ့ပါသေးတယ်။

အာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလအထိ အုပ်ချုပ်ရေးမှူးဖက်က ၇၅၀နီးပါးအပါအဝင် လူပေါင်း ၅၄၄၇ ဦးသေဆုံးပြီး ၄၅၇၇ဦးဒဏ်ရာရတယ်လို့ထုတ်ပြန်ထားပါတယ်။ 

တိုက်ခိုက်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့လုပ်ဆောက်ချက်လို့စစ်ကောင်စီကစွပ်စွဲထားပါတယ်။