နှစ်ရာသီဆက် ဥရောပ ဗိုလ်လုပွဲတွေ တက်လှမ်းခဲ့တဲ့ မော်ရင်ဟိုရဲ့ ရိုးမား

မေ၊ ၁၉

ရိုးမားအသင်းနဲ့အတူ ဥရောပအဆင့် ဗိုလ်လုပွဲတွေကို နှစ်ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့နောက် အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက မဆုတ်မနစ် အားထုတ် ကြိုးစားခဲ့တဲ့ သူ့အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။

 ဥရောပ ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့မှာ ဂျာမန်ကလပ် ဘေယာ လေဗာကူဆင်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့နောက် အီတလီကလပ် ရိုးမားဟာ နှစ်ကျော့ပေါင်းရလဒ် ၁-၀ နဲ့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲအပြီး ဗိုလ်လုပွဲတက်ဖို့ သေချာသွားတဲ့ အချိန်မှာတော့ မော်ရင်ဟိုဟာ ကွင်းထဲမှာ စိတ်လွတ်ကိုယ်လွတ် အောင်ပွဲခံနေခဲ့တာ တွေ့ရပါတယ်။

 သူက အသင်းသားတိုင်းရဲ့ အစွမ်းကုန် ပေးဆပ်မှုတွေကို အသိအမှတ်ပြုကြောင်း ပြောခဲ့သလို ကစားသမား တချို့ကို နာမည်တပ်ပြီး အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။ ကွင်းလယ်လူ အီဒိုရာဒို ဘိုဗီဟာ သူ့နေရာမှန် မဟုတ်တဲ့ တောင်ပံ ခံစစ်မှာ ကစားခဲ့ရပေမယ့် အမှားမရှိအောင် ကြိုးစားသွားခဲ့ကြောင်း၊ နောက်ခံလူ စမောလင်း ဆိုရင်လည်း ဒဏ်ရာ အကင်းမသေလျက်နဲ့ အစွမ်းကုန် ကြိုးစား ကစားပေးခဲ့ကြောင်း၊ မော်ရင်ဟိုက မှတ်ချက် ပေးခဲ့ပါတယ်။

 မော်ရင်ဟို တာဝန်ယူခဲ့တဲ့နောက် ရိုးမားဟာ မနှစ်က ဥရောပ ကွန်ဖရင့်ဖလားမှာ ဗိုလ်စွဲနိုင်ခဲ့ပြီး အခုတခါ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ထပ်မံ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ တပွဲထိုး ယှဉ်ပြိုင်ရတဲ့ ဗိုလ်လုပွဲတွေမှာ အရမ်းပါးနပ်သူ တဦးလို့ ညွှန်းဆို ခံထားရတာကြောင့် ရောမမြို့တော် အခြေစိုက် အသင်းရဲ့ ပရိသတ်တွေကတော့ နောက်ထပ် ဥရောပ အောင်မြင်မှု တခုကို အလေးအနက် မျှော်လင့်နေကြပါပြီ။

 ဒါပေမဲ့ တဖက်မှာ ဗိုလ်လုပွဲ တက်လာတဲ့ ပြိုင်ဘက်ကလည်း ယူရိုပါလိဂ် ဘုရင်လို့ တင်စားခံရတဲ့ စပိန်ကလပ် ဆီဗီးလား ဖြစ်နေပါတယ်။ ဆီဗီးလားဟာ ယူရိုပါလိဂ်ကို ၆ ကြိမ် ဆွတ်ခူးထားပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ ပြီးတော့ အခုနှစ် အကြိုဗိုလ်လုပွဲ အဆင့်မှာလည်း အီတလီထိပ်သီး ဂျူဗင်းတပ်စ်ကို ကျော်ဖြတ်လာတာပါ။

 မော်ရင်ဟိုကတော့ ဗိုလ်လုပွဲ အဆင့်မှာ ပြိုင်ဘက်ရဲ့ အစဉ်အလာနဲ့ ဖြတ်သန်းမှုတွေအကြောင်း ထည့်စဉ်းစားနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့အတွက်တော့ ဗိုလ်လုပွဲတိုင်းရဲ့ ရိုက်ခတ်မှုက အတူတူပဲဖြစ်ကြောင်း၊ သူရော၊ အသင်းသားတွေပါ ဆုဖလားကို အိမ်ပြန်သယ်သွားချင်ကြောင်း မော်ရင်ဟိုက ပြောကြားသွားပါတယ်။