မေ၊ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်ကြီးကျေးရွာက စစ်ရှောင်အမျိုးသားတဦးဟာ မေ ၁၆ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သလို အခြားစစ်ရှောင်နှစ်ဦးလည်း မြွေကိုက်ခံခဲ့ရတယ်လို့ အဲဒီဒေသက တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
” မိုးအရမ်းရွာနေတဲ့အချိန်မှာ မိုးကြိုးပစ်ခံရတာလို့ သိရတယ်။ သူ့အမျိုးသမီးနဲ့ ကလေးကတော့ ဘာမှမဖြစ်ဘူးလို့ သိရတယ် ” လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက DNA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၄ နှစ်အရွယ်ရှိ ကိုနော်မှိုင်းဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးတာကြောင့် သူ့ရဲ့မိသားစုနဲ့အတူ တောထဲမှာ စစ်ရှောင်နေရတာ နှစ်နဲ့ချီရှိနေပြီဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မေလ ၁၂ ရက်ကလည်း ဇီးကုန်းတိုက်နယ်က အသက်၁၇ နှစ်အရွယ် လူငယ်တဦးနဲ့ မေလ ၁၅ ရက်က ချပ်သင်းတိုက်နယ်က အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတဦး အဆိပ်ရှိမြွေအကိုက်ခံရပေမယ့် အချိန်မီဆေးကုသလို့ အသက်မသေဆုံးခဲ့ပါဘူး။
အဲ့ဒီဒေသမှာ စစ်ဘေးတိမ်းရှောင်နေရင်း မြွေကိုက်ခံရသူဦးရေ ၆၃ ဦးခန့်ရှိကာ ဆေးဝါးလုံလောက်မှုမရှိတာ သွားလာရေးခက်ခဲမှုတွေနဲ့ ထိရောက်တဲ့ဆေးဝါးကုသမှု မခံယူနိုင်တာကြောင့် ကလေးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးထားတယ်လို့ ဒေသခံတွေကို ကူညီထောက်ပံ့ပေးနေတဲ့ မြေပြင်အဖွဲ့အစည်းတွေဆီက သိရပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အခြေခံစားနပ်ရိက္ခာတွေ၊ အမိုးအကာတွေနဲ့ မြွေဆိပ်ဖြေဆေးအပါအဝင် အခြေခံဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောထားပါတယ်။
ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာဟာ ကိုးတောင်ဘို့တိုက်နယ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ နီးကပ်နေတာကြောင့် ဒေသခံတွေဟာ ကျေးရွာထဲ မနေရဲကြဘဲ တောတောင်တွေထဲမှာ အဆင်ပြေသလို တဲထိုးကာ စစ်ဘေးရှောင်နေကြရတယ်လို့ စုံစမ်းသိရပါတယ်။
အဲဒီဒေသမှာ စစ်ရှောင်ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ လုံခြုံရေးအရ မပြောကြားနိုင်ဘူးလို့လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့