
၂၀၂၁ နှစ်ဆန်းပိုင်းမှာ အာဏာသိမ်းလိုက်ချိန် နောက်ပိုင်း မြန်မာစစ်တပ်က ဒေါ်လာ သန်း ၁၀၀၀ ကျော်ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ ဝယ်ယူခဲ့ကြောင်း သိရပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က မေလ ၁၇ ရက်မှာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက် ဝယ်ယူမှု မှတ်တမ်း အစီရင်ခံ တခုကို ကုလသမဂ္ဂဆီ တင်သွင်းခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း အထောက်အထားတွေ ထင်ထင်ရှားရှား ထွက်ပေါ်နေပေမယ့် ပြည်ပနိုင်ငံ တချို့က သူတို့အတွက် စစ်လက်နက် ထောက်ပံ့ပေးနေမှုကို လုံးဝ မရပ်တန့်ခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က ဝယ်ယူ အားဖြည့်တဲ့ထဲမှာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေအပြင် စစ်သင်္ဘောတွေမှာ အသုံးပြုတဲ့ ဆက်သွယ်ရေးပစ္စည်း၊ စက်ပစ္စည်းတွေ အပါအဝင် စစ်လက်နက်တွေ အများအပြား ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ဝယ်ယူ ဖြည့်တင်းမှုဟာ ၂၀၂၁ ကစလို့ အမျိုးအစားရော၊ ပမာဏပါ ပိုများလာတယ်လို့လည်း သိရပါတယ်။
လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ လက်ရဲဇက်ရဲ ဆက်လက် ကျူးလွန်နေတဲ့ စစ်ကောင်စီဆီကို စစ်လက်နက်တွေက အဆီးအတားမရှိ ဒလေဟာ ဆက်လက် စီးဝင်နေဆဲပဲလို့လည်း အန်ဒရူးက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ရုရှား၊ တရုတ်နဲ့ စင်ကာပူဆီက စစ်လက်နက်တွေ အဓိက ဝယ်ယူခွင့် ရနေတာလို့ ဆိုပါတယ်။ အဲဒီထဲမှာ တိုက်ရိုက် အသုံးပြုနိုင်တဲ့ စစ်လက်နက်တွေအပြင် ပြည်တွင်းမှာ ပြန်လည်တပ်ဆင် တည်ဆောက်ရမယ့် စစ်လက်နက် အစိတ်အပိုင်းတွေလည်း ပါဝင်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီအဖြစ် ဖွဲ့စည်းလိုက်ချိန်နောက်ပိုင်း မြန်မာစစ်တပ်ဆီကို ရုရှားက ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်နဲ့ စင်ကာပူက ဒေါ်လာ ၂၅၄ သန်းဖိုးစီ၊ အိန္ဒိယ ဒေါ်လာ ၅၁ သန်းဖိုးနဲ့ ထိုင်းက ဒေါ်လာ ၂၈ သန်းဖိုးထိ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ ထောက်ပံ့ ရောင်းချပေးခဲ့ကြောင်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။
အဲဒီ အစီရင်ခံစာဟာ ပွဲစားတွေကနေတဆင့် မြန်မာစစ်တပ်က လက်နက်ဝယ်ယူတာတွေ၊ သယ်ယူ တင်သွင်းတာတွေ၊ လက်နက်အမျိုးအစား ရွေးချယ်တာတွေစတဲ့ မှတ်တမ်းနဲ့ အထောက်အထားပေါင်း ၁၂၅၀၀ လောက်ကို စုစည်းပေးထားပါတယ်။ အာဏာသိမ်း စစ်တပ်ဆီ လက်နက်ရောင်းချမှုတွေ ပိတ်ပင်ဖို့ နိုင်ငံတကာ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့်လည်း လက်ရှိ အခြေအနေထိ စစ်တပ်ဟာ ပြည်ပကနေ စစ်လက်နက်တွေကို အလုံးအရင်း ဝယ်ယူနိုင်နေဆဲလို့လည်း အန်ဒရူးက ပြောကြားသွားပါတယ်။