မုန်တိုင်းသင့်ဒေသတွေအတွက် NUGကကျပ်သိန်းခြောက်ရာကျော်ကနဦးထောက်ပံ့၊ NUG၊KIOနဲ့MNDAAတို့က AAအဖွဲ့ကတဆင့် စုစုပေါင်းကျပ်သိန်းငါးထောင်လှူ

မေ၊ ၁၈

ရခိုင်ပြည်နယ်အပါအဝင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်နဲ့တိုင်း ခြောက်ခုအတွက် ကနဦးထောက်ပံ့ငွေအဖြစ် ကျပ် သိန်း(၆၄၀)ကျော် သုံးစွဲထားတယ်လို့ NUGက ထုတ်ပြန်ထားပြီး AA တပ်ဖွဲ့ကိုလည်း ရခိုင်ဒေသကူညီကယ်ဆယ် ရေး လုပ်ငန်းတွေအတွက် ကျပ်သိန်းတထောင်လှူထားတယ်လို့ သိရပါတယ်။

မုန်တိုင်းသင့် ဒေသတွေအဖြစ် ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်းနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသက ရိုဟင်ဂျာစခန်းတွေအတွက် ကနဦးထောက်ပံ့ငွေ ကျပ်(၆၄၀)ကျော်ကို မနေ့က အထိ သုံးစွဲထားတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ဒေသတွင်းက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် NUG က ကျပ်သိန်းတထောင် လှူဒါန်းထားတဲ့အကြောင်း ရခိုင့်တပ်တော် AA ကထုတ်ပြန်တဲ့ ဂုဏ်ပြုလွှာအရသိရပါတယ်။

AA တပ်ဖွဲ့ရဲ့ထုတ် ပြန်ချက်တွေအရ KIO က ရခိုင်ဒေသအတွက် ကျပ်သိန်းသုံးထောင်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAAနဲ့ NUG တို့ကကျပ်သိန်းတထောင်စီလှူဒါန်းထားတယ်လို့သိရပါတယ်။

မနေ့က အထိ ကောက်ယူရရှိတဲ့စာရင်းတွေအရ မိုခါမုန်တိုင်းကြောင့် ပြည်နယ်နဲ့တိုင်းခုနစ်ခုမှာ သေဆုံးသူ စုစု ပေါင်း (၄၅၅)ဦးအထိရှိပြီး ရခိုင်ပြည်နယ်က (၄၃၀)ကျော်နဲ့အများဆုံးဖြစ်တယ်လို့ NUG က အသိပေးထားပါတယ်။

မုန်တိုင်းကြောင့် စစ်ကိုင်း၊မကွေး၊ချင်း စတဲ့ တိုင်းနဲ့ပြည်နယ်သုံးခုမှာ စုစုပေါင်း အဆောက်အအုံ (၁၅၀၀)ကျော်၊ လမ်း၊တံတား၊မီးတိုင် (၃၄)နဲ့ စိုက်ပျိုးမြေဧက (၄၂၀၀၀)ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ NUG က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတာကြောင့် တိုက်ပွဲတွေနဲ့ စစ်ကြောင်းထိုးမှု တွေ နေ့စဉ်နီးပါးရှိနေတဲ့ စစ်ကိုင်းတိုင်းဟာ မိုခါမုန်တိုင်းသက်ရောက်မှုတွေကြောင့် စိုက်ပျိုးမြေဧက (၄၂၀၀၀) ကျော်အထိပျက်စီးခဲ့တာပါ။

ပျက်စီးဆုံးရှုံးမှုအလွန်များပြားတဲ့ ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုအချက်အလက်တွေကို ကောက်ယူစု ဆောင်းနေဆဲဖြစ်တယ်လို့ NUG က ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ မုန်တိုင်းသင့် ဒေသတွေအတွက် စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်းတသိန်းရရှိထားကာ ရခိုင်ပြည်နယ်အတွက် ကျပ်သိန်းပေါင်း (၇၀၀၀၀)ကျော် ခွဲဝေပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ဒေသခံပြည်သူတွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး နိုင်ငံတကာ အဖွဲ့တွေဆီက ကူညီထောက်ပံ့မှုတွေမရသေးဘူးလို့ ဒေသခံတွေနဲ့NUG တို့ကပြောထားပါတယ်။ ရခိုင့်တပ်တော် AA ကလည်း မုန်တိုင်းသင့်ရခိုင်ပြည်သူတွေအတွက် နိုင်ငံတကာက ကူညီထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊ဆောက်လုပ်ရေးပစ္စည်းတွေကို စစ်သင်္ဘောတွေ၊ ရဟတ်ယာဉ်လေယာဉ်တွေနဲ့ ပို့ဆောင်ကူညီပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ အရေးပေါ် ကူညီရေး ပစ္စည်းတွေသယ်ယူလာတဲ့ စစ်သင်္ဘောနှစ်စီးဟာ မနေ့က ညနေပိုင်းနဲ့ညပိုင်းက စစ်တွေမြို့ကို ရောက် ခဲ့တယ်လို့သိရပါတယ်။