အင်ဒိုနီးရှား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦး အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံရ

မေ၊ ၁၈

အင်ဒိုနီးရှား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦးဟာ အဂတိမှုတွေနဲ့ စွပ်စွဲပြီး ဖမ်းဆီး ခံလိုက်ရကြောင်း သိရပါတယ်။

 

အစိုးရ အသုံးစရိတ် ဒေါ်လာ ဘီလီယံဝက်လောက် စာရင်းပျောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဆက်သွယ်ရေး ဝန်ကြီး ဂျွန်နီ ဂျီပလာတီကို ဖမ်းဆီးလိုက်ကြောင်း ရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဂျွန်နီဟာ ၂၀၂၀ ပြည့်နှစ်က ထောင်နဲ့ချီတဲ့ ကျေးရွာတွေဆီ အင်တာနက် ကွန်ရက် ဖြန့်ကျက်ပေးဖို့ တာဝါတိုင် အများအပြား ဆောက်လုပ်ပေးမယ်ဆိုပြီး အစိုးရ အသုံးစရိတ်တွေ ထုတ်ယူခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး မရိုးသားမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။

 

အဲဒီကိစ္စမှာ ဝန်ကြီးရဲ့ ဆက်နွှယ်မှုက ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ရှိနေသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

 

သမ္မတ ဂျိုကိုဝီဒိုဒိုဟာ သူ့အစိုးရ အဖွဲ့ထဲမှာ ဝန်ကြီးတွေ အဂတိမှုနဲ့ အဖမ်းခံရ၊ တရားစွဲခံရတာတွေကို ၅ ကြိမ်မြောက် ကြုံတွေ့လာတာ ဖြစ်ပါတယ်။ လောလောလတ်လတ် အနေနဲ့ ၂၀၂၁ ခုနှစ်တုန်းက လာဘ်စားမှုတွေကြောင့် သူ့ရဲ့ လူမှုရေးနဲ့ ငါးလုပ်ငန်း ဝန်ကြီးတွေ ထောင်ဒဏ် အသီးသီး ချမှတ် ခံခဲ့ရပါတယ်။

 

ရှေ့နေချုပ်ရုံး အရာရှိ တဦးဖြစ်တဲ့ ကီတွတ် ဆူမီဒါနာက ဂျွန်နီဟာ အင်ဒိုနီးရှားရဲ့ အဂတိ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ အဲဒီဥပဒေဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ်တသက် ပြစ်ဒဏ်ထိ ချမှတ် ခံရနိုင်ပါတယ်။

 

ဝီဒိုဒိုရဲ့ သမ္မတရုံးကတော့ ဂျွန်နီ အဖမ်းခံရခြင်းဟာ လုံးဝ ထင်မှတ်မထားခဲ့တဲ့ ကိစ္စတခုလို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဥပဒေနဲ့အညီ လုပ်ဆောင်တဲ့ ကိစ္စတိုင်းကို သမ္မတက မကန့်ကွက်ပေမယ့် သတိကြီးကြီးနဲ့ ကိုင်တွယ် စီမံဖို့တော့ သက်ဆိုင်ရာ အာဏာပိုင်တွေကို မေတ္တာရပ်ခံထားကြောင်း သူက ဆိုပါတယ်။

 

ဂျွန်နီရဲ့ ရှေ့နေအဖွဲ့ကတော့ အခုဖြစ်စဉ်အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အစိုးရ အသုံးစရိတ် ဒေါ်လာ ၅၄၄ သန်းလောက် စာရင်းပျောက်နေတဲ့ကိစ္စ လူသိရှင်ကြား ဖြစ်လာတဲ့နောက် နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ အဂတိ ကင်းစင်မှု စာရင်းမှာ အင်ဒိုနီးရှားဟာ အဆင့် ၄ ဆင့် ကျသွားကြောင်းလည်း သိရပါတယ်။