The Treble အောင်မြင်မှုကို လက်တွေ့ မျှော်လင့်နိုင်ပြီလို့ ဂွာဒီယိုလာပြော

မေ၊ ၁၈

မန်ချက်စတာ စီးတီးဟာ တရာသီတည်းမှာ အဓိက ဆုဖလား ၃ လုံး သိမ်းကျုံး ဆွတ်ခူးနိုင်မယ့် The Treble အောင်မြင်မှုကို လက်တွေ့ မျှော်လင့်ခွင့် ရှိသွားပြီလို့ မန်နေဂျာ ပက်ပ် ဂွာဒီယိုလာက ကြွေးကြော်ခဲ့ပါတယ်။

 ဥရောပ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့မှာ လက်ရှိ ချန်ပီယံ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့နောက် အသင်းအတွက် ဂုဏ်ယူနေတဲ့ ဂွာဒီယိုလာက အခုလို မော်ကြွားခဲ့တာပါ။ စီးတီးဟာ ရီးရဲလ်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့ ပြတ်ပြတ်သားသား အသာစီးယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

 လက်ရှိ အခြေအနေအရ စီးတီးဟာ ချန်ပီယံလိဂ်အပြင် ပြည်တွင်း အက်ဖ်အေဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ ရောက်နေသလို ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲမှာလည်း နောက်ထပ် ၃ မှတ်ရရုံနဲ့ ချန်ပီယံ ဖြစ်လာတော့မှာပါ။ တနည်းအားဖြင့် စီးတီးဟာ အဲဒီ ပြိုင်ပွဲ ၃ ခုမှာ လက်ကျန် ၁ ပွဲစီ အနိုင်ရရုံနဲ့ အံ့မခန်း အောင်မြင်မှု မှတ်တိုင်မျိုး ပိုင်ဆိုင်လာတော့မယ့် အဓိပ္ပါယ်ပါပဲ။

 အင်္ဂလန်မှာတော့ စီးတီးရဲ့ ခါးသီးမြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် တသင်းတည်းသာ ၁၉၉၉ ခုနှစ်မှာ The Treble အောင်မြင်မှုကို ရရှိခဲ့ဖူးပါတယ်။ စီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ အီတလီထိပ်သီး အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာပါ။

 စပိန်သား မန်နေဂျာ ဂွာဒီယိုလာက အစောဆုံး အနေနဲ့ ပြည်တွင်း ပြိုင်ပွဲနှစ်ခုမှာ အမှန်တကယ် ဗိုလ်စွဲအောင် အာရုံစိုက်ရမှာ ဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်မှာ ဖလားရဖို့ အတော်နီးစပ်နေပြီး ယူနိုက်တက်၊ အင်တာတို့နဲ့ ဗိုလ်လုပွဲတွေကို ကစားရမှာဖြစ်ကြောင်း၊ လက်ရှိရာသီ အသင်းရဲ့ အနေအထားက အရမ်း ကောင်းမွန်နေပြီး The Treble မျှော်လင့်ချက်နဲ့ လက်တကမ်း အကွာထိ ရောက်လာပြီဖြစ်ကြောင်း၊ အခုအချိန်မှာတော့ The Trebleဟာ စိတ်ကူးယဉ် အဆင့်ကနေ လက်တွေ့ မျှော်လင့်နိုင်တဲ့ အဆင့်ဆီ နီးစပ်လာပြီလို့ ခံစားမိကြောင်း ပြောကြားသွားပါတယ်။

 စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျက်ဂရေးလစ်ရှ်ကလည်း သူတို့အသင်းဟာ အခုအခါမှာ ရပ်တန့်တားဆီးဖို့ မဖြစ်နိုင်တဲ့ အင်အားစုမျိုး ဖြစ်လာပြီလို့ ကြွေးကြော်ခဲ့ပါတယ်။ ရီးရဲလ်လို အသင်းကို ပြတ်ပြတ်သားသား အနိုင်ယူပြခဲ့တဲ့နောက် ပြောမပြတတ်အောင် ပျော်နေမိကြောင်း၊ သူတို့ တသင်းလုံးဟာ တားလို့ဆီးလို့ မရတဲ့ အခြေအနေမျိုး ဖြစ်လာပြီး အင်္ဂလန်မှာလည်း သူတို့ကို အနိုင်ယူနိုင်မယ့် ပြိုင်ဘက်မျိုး မရှိနိုင်ကြောင်း ဂရေးလစ်ရှ်က ဆိုပါတယ်။

 အဓိက ဆုဖလား ၃ ခုထဲမှာ ချန်ပီယံလိဂ်ကတော့ စီးတီး ဗိုလ်မစွဲဖူးတဲ့ တခုတည်းသော ပြိုင်ပွဲအဖြစ် ရှိနေပြီး ဇွန်လ ၁၀ ရက်ကျရင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ အင်တာနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။