ကနီမှာလေကြောင်းကတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ၊ ဒေသခံတသောင်းကျော်စစ်ရှောင်နေရ

မေ၊ ၁၇

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ချောင်းမကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ မေလ ၁၇ရက် ၊နေ့လည် ၂နာရီ ခွဲ အချိန်က လေကြောင်းကတိုက်ခိုက်ခဲ့လို့အရပ်သားတဦး ဦးခေါင်းကျည်စရှပ်ထိမှန်ခဲ့ပြီး ဒေသခံ တသောင်းကျော်စစ်ရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ 

“ဂျက်ဖိုက်တာ၃စင်းနဲ့ပစ်တာ၊တခါပစ်သုံးခါ ၊စက်လက်နဲ့ပစ်တာဆိုအချက်ရေမနည်းဘူး။ လေးခေါက်လာပစ်သွားတာ  “လို့ UGတပ်ပေါင်းစုခေါင်းဆောင် ဗိုလ်တိုက်ဂါးကDNA ကိုပြောပါတယ်။ 

အဆိုပါလေကြောင်းပစ်ခတ်မှုကြောင့်အရပ်သားတဦးထိခိုက်ဒဏ်ရာရခဲ့သလို စာသင်ကျောင်းတကျောင်း၊ဘုန်တော်ကြီးကျောင်းနဲ့နေအိမ်တချို့လဲပျက်စီးခဲ့တယ်လို့ လည်းဆက်ပြောပါတယ်။

ကနီမြို့နယ်တောင်ခြမ်းနဲ့ ယင်းမာပင်မြို့နယ်မြောက်ခြမ်းက သစ်ဝင် ၊ မင်းမ ၊ ချောင်းမ ၊ တွင်းတောင် ၊လယ်ရှည်ရွာ ၊ ချင်းတောင်၊ တရော်ကျင်း၊  ဘန်ဘွေး ၊တောပြင်စတဲ့အနီးဝန်းကျင်က ဒေသခံတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဗိုလ်တိုက်ဂါးကပြောပါတယ်။

“ပီဒီအက်ဖ်တွေအများဆုံးစုဝေးရာနယ်မြေလိုသတင်းပေါက်ထားတာ လေကြောင်းနဲ့တိုက်မယ်လို့သတင်းရထားတာကြာပြီ ။ဟိုနေ့က မင်းမတိုက်ပွဲမှာ ဗျုဟာမှုးကျတယ်လို့ပြောတယ် ။အဲ့တာကြောင့် စစ်ကူထပ်လာတယ်လေကြောင်းနဲ့ဒီနေ့တိုက်တယ်” လို့လည်းဗိုလ်တိုက်ဂါးကဆိုပါတယ်။ 

စစ်ကောင်စီဟာမြို့နယ်ပေါင်း၄၇မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာထားရာမှာစစ်ကိုင်းတိုင်းကမြို့နယ်ပေါင်း၁၄မြို့နယ်နဲ့အများဆုံးဖြစ်ပါတယ်။

“ မုန်တိုင်းတိုက်နေတုန်းကလဲမိုးထဲလေထဲစစ်ကြောင်းလာလို့ ပြေးရဖျားကြနာကြရ၊ထမင်းချက်စားစရာနေရာတောင်မရှိလို့ငတ်ပျက်ခက်ခဲနေတဲ့နေရာကို ဗုံးပါထပ်ကြဲခံရတယ် ။ကျုပ်တို့မှာ ဘာအပြစ်များရှိနေလို့လဲ “လို့ ကနီမြို့နယ်ကစစ်ရှောင်ပြည်သူတဦးကပြောပါတယ်။

မြန်မာနိုင်ငံကို မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တဲ့မေလ၁၄ရက်က ကနီမြို့ကစစ်ရှောင် တသောင်းသုံးထောင်ကျော်ဟာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့မိုးထဲရေထဲကြားထွက်ပြေးခဲ့ရပါသေးတယ်။

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့်တနိုင်ငံလုံးမှာစစ်ဘေးရှောင်ဦးရေနှစ်သန်းခြောက်သိန်းကိုးသောင်းကျော်ရှိတယ်လို့သုတေသနအဖွဲ့တခုဖြစ်တဲ့ISP Myanmar ရဲ့အချက်အလက်တွေအရသိရပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းအတွင်းမှာစစ် ပြေးဒုက္ခသည်အရေအတွက် တသန်းသုံးသိန်းခုနှစ်သောင်းကျော်ရှိပြီးစစ်ရှောင်အားလုံးရဲ့ထက်ဝက်ကျော်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။