မုန်တိုင်းကြောင့် ရိက္ခာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလိုအပ်နေချိန်မှာ စစ်ကောင်စီက စစ်တွေကို လာတဲ့ကုန်တင်ယာဉ်တွေကို ပိတ်ဆို့ထား

မေ၊ ၁၇

မုန်တိုင်းကြောင့် စားနပ်ရိက္ခာနဲ့ တခြားအိမ်သုံးပစ္စည်းတွေ၊ဆောက်လုပ်ရေးပစ္စည်းတွေလိုအပ်မှုမြင့်မားနေချိန်မှာ စစ်ကောင်စီက အဲ့ဒီပစ္စည်းတွေပါလာတဲ့ကုန်တင်ကားတွေနဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးဖို့လာတဲ့ ကုန်တင် ယာဉ်တွေကိုစစ်တွေမြို့အဝင် ကျောက်တန်းဂိတ်မှာ ပိတ်ဆို့ထားလို့ သီတင်းပတ်တခုကြာအထိပိတ်မိ နေ တယ်လို့ အဲ့ဒီနေရာမှာ ပိတ်မိနေသူတွေနဲ့ ဒေသခံတွေက DNAကိုပြော ပါတယ်။

“ကားလေးတွေကို ပေးသွားတယ်ဗျ၊ပရဟိတလူနာတင်ယာဉ်တွေတော့ နေတိုင်းဖြတ်သွားကြတာပဲ၊ကုန်ကားတွေ ပဲပေးမသွားတာ၊သူတို့ကိုမေးပြန်တော့လည်း တိတိကျကျပြန်မပြောဘူး၊ သွားလို့ရတဲ့နေ့ပြော မယ်လို့ပဲ ပြော တယ်”လို့ ကျောက်တန်းဂိတ်မှာပိတ်မိနေတဲ့ ယာဉ်မောင်းတဦးက DNA ကိုပြောပါတယ်။

အဲ့ဒီဂိတ်မှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေထဲက တချို့ဟာ မိုခါမုန်တိုင်း ရခိုင်ပြည်နယ်ကို မဝင်ရောက်မီ မေလ ၁၀ရက်ကတည်းက ကျောက်တန်းဂိတ်ကိုရောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

ပိတ်မိနေတဲ့ ကူညီထောက်ပံ့ရေး ကားတွေပေါ်မှာ ‌မိုးကာစ၊အိမ်ထောင်သုံး ရေသန့်ပစ္စည်းတွေ၊ရေသန့်ဘူး၊ ခေါက် ဆွဲခြောက်၊ဆေးဝါးနဲ့ကလေးငယ်တွေအတွက် မုန့်တွေလည်း သယ်လာကြတာတွေရှိပြီး တပတ်လောက် ပိတ်မိ ခဲ့တာကြောင့် မုန့်တွေကတော့ မှိုတက်နေပြီလို့ ကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“သူတို့က ဘာကြောင့်ပိတ်လဲတော့မသိဘူး၊ကျောက်တန်းချေမှာရှိတဲ့ စစ်တပ်ဂိတ်ကပိတ်ထားတာပါ၊ကုန်ကား တွေအကုန်လုံးကိုပိတ်ထားတာပါ၊အဲ့ဒီထဲမှာ ကယ်ဆယ်ရေးကားတွေလည်းပါပါတယ်၊တချို့ကုန်စိမ်းတွေဆိုရင် ပျက်စီးကုန်ပြီ”လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။

စစ်တွေမြို့ခံ လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူတဦးကတော့ မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် မြို့တွင်းလမ်း တွေပေါ်တင်ကျန်ပိတ်ဆို့နေတဲ့ အပျက်အစီးတွေ၊သစ်ပင်တွေကို ရှင်းလင်းဖယ်ရှားလို့မပြီးသေးတာကြောင့် ကုန် တင်ကားကြီးတွေကို ဝင်ခွင့်မပြုသေးတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ကျောက်တန်းဂိတ်ကို မနေ့ကဖြတ်သန်းခဲ့တဲ့ ယာဉ်မောင်းတဦးကတော့အဲ့ဒီဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ကုန်တင် ကားဆယ်စီးအထက်ရှိနိုင်ပြီး ခရီးတင်သည်တင်ကားကြီးတွေကိုတော့ဖြတ်သန်းခွင့်ပြုထားကာလေဘေးကူညီရေး ကားလေးစီးလောက်အပါအဝင် ကုန်တင်ကား တွေကိုပဲပိတ်ဆို့ထားတာဖြစ်တယ်လို့မျက်မြင်အခြေအနေကိုပြော ပါတယ်။

“ကားလမ်းကရှင်းသွားပါပြီ၊ခရီးသည်တင်ကားတွေ ထွက်နေကြပါပြီ၊ဒီမနက်တင် ကျွန်တော်တယောက်တင်ပေး လိုက်သေးတယ်၊သူတို့ကုန်ကားတွေကို ဘာလို့ပိတ်လဲတော့မသိဘူး၊စစ်တပ်ကတမင်ပိတ်ထားတာဖြစ်မယ်” လို့သူ ကပြောပါတယ်။

ပိတ်ဆို့ခံထားရတဲ့ ကုန်တင်ကားတွေထဲမှာ အိမ်ဆောက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ကားတွေလည်းပါဝင်ပြီး အဲ့ ဒီလိုကုန်တင်ကားတွေကိုပိတ်ဆို့ထားတဲ့ကျောက်တန်းဂိတ်ဟာ စစ်တွေမြို့နဲ့ ခုနစ်မိုင်လောက်သာဝေးပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်တဲ့ကာလအတွင်းကလည်း အဲ့ဒီဂိတ်မှာ စစ်ကောင်စီက စစ်ဆေးမှုတွေတင်းတင်းကျပ်ကျပ် လုပ်ခဲ့ပါတယ်။

လက်ရှိမှာ မုန်တိုင်းသင့် ရခိုင်ဒေသခံတွေဟာ စားနပ်ရိက္ခာ၊သောက်သုံးရေနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ လို အပ် မှုမြင့်မားနေပြီး ဒေသတွင်းမှာ အဲ့ဒီပစ္စည်းတွေဈေးနှုန်းအဆမတန်မြင့်တက်နေတာကြောင့် လူဦးရေ အများ အပြား အခက်တွေ့နေကြတယ်လို့သိရပါတယ်။

“သောက်ရေကအရင်ကတည်းကရှားတယ်၊အခုတော့ပိုဆိုးတာပေါ့၊အိမ်ဆောက်ပစ္စည်းက နှစ်ဆမက(ဈေး) တက် နေတယ်၊ဝယ်ရဖို့တောင် တန်းစီစနစ်နဲ့ ဝယ်နေရတယ်၊သွပ်ဆယ်ချပ်လိုလို့ဝယ်ရင် ငါးချပ်လောက်ပဲရတယ်”လို့ စစ်တွေမြို့ခံတဦးကပြောပါတယ်။