ရခိုင်မှာအိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ အဆမတန်မြင့်တက်

မေ၊ ၁၇
 
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခြေခံအိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ ပုံမှန်ထက် အဆမတန်မြင့်တက်နေတာကြောင့် မုန်တိုင်းဒဏ်နဲ့ ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်တည်ဆောက်၊ ပြုပြင်ဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
 
“ မနေ့က ရွာကသူတွေ သွားဝယ်ကြတာ အရင်က တပေ ၁၂၀၀တန် သွပ်တွေကို ၃၀၀၀၊ ၄၀၀၀အထိ တင်ရောင်းကြတယ်၊ သံမှိုဆို တပိဿာငါးသောင်းအထိ ပေးဝယ်ရတဲ့ အခြေအနေတွေ ကြုံနေရပါတယ်၊ မဝယ်နိုင်လို့ ပြန်လာတဲ့သူတွေရော ပိုက်ဆံရှိပြီး ဝယ်မရတဲ့အထိ ပစ္စည်းတွေပြတ်နေတယ်ခင်ဗျ။ အချို့ဆိုင်တွေလည်း သူတို့ရှိတာလေးကို ဈေးသင့်သင့်နဲ့ ရောင်းပေးကြပါတယ်၊ တချို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဈေးတက်ရောင်းနေ ကြတယ် ” လို့ မြောက်ဦးမြို့ခံတဦးဖြစ်တဲ့ ကိုထွန်းက ပြောပြပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့ပြီး စစ်တွေ၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေဟာ ဆုံးရှုံးမှုအများဆုံးဖြစ်ကာ အဲ့ဒီမြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်က (၁၁)မြို့နယ်မှာ ၉၀ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အိမ်ခြေငါးသိန်းစာအတွက် မိုးကာစတွေနဲ့ လေဘေးသင့်ပြည်သူ တသန်းလောက်အတွက် အစားအစာနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
 
မုန်တိုင်းဒဏ်ကြောင့် နေအိမ်နဲ့အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်အထိ နိုင်ငံတကာအဖွဲ့တွေဆီက အကူအညီတွေလည်း ရောက်မလာသေးတာကြောင့် စားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာပါ။
 
ဒီလိုအခြေအနေတွေအတွက် အိမ်ဆောက်ပစ္စည်းဆိုင်အချို့နဲ့ ကုမ္ပဏီအချို့က ရန်ကုန်စက်မှုဇုန်နဲ့ သွပ်ပြား၊ အိမ်ဆောက်ပစ္စည်း ပင်ရင်းဆိုင်ကြီးတွေက တိုက်ရိုက်မှာယူပြီး ဒေသခံတွေရဲ့ အခက်အခဲကို ကူညီပေးနေတယ်လို့ ကစ္ဆဗျာလကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်၊၊
 
“ ရခိုင်မှာတချို့အိမ်တွေဆို အခုထိ အမိုးမရှိဘဲ နေနေရတယ်ပေါ့နော်။ ဒီထဲ ကျွန်တော့်အိမ်ကိုယ်တိုင်လည်း ခေါင်မိုး မရှိတော့ဘူး။ ကျွန်တော်တို့ အမေအိမ်လည်း ပါပါတယ်၊ ကျွန်တော်တို့တရွာလုံး ခေါင်မိုးမရှိဘဲနေနေရတာ၊ အဲ့ဒီအတွက်ကူညီပေးတာပါ ” လို့ သူကပြောပါတယ်။
 
အခုလိုကူညီရာမှာ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို တင်ပို့ရတဲ့ လမ်းခရီးတစ်လျှောက်အခက်အခဲတွေရှိသလို ကြန့်ကြာမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုတွေဖြစ်နေတဲ့အပြင် စားနပ်ရိက္ခာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ လိုအပ်ချက်မြင့်မားတာကြောင့် လိုအပ်သလောက်လည်း ဝယ်မရဘူးလို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
 
“ အခုထိ ဈေးတွေကလည်း တက်တယ်၊ ဝယ်ချင်တိုင်းဝယ်မရတော့ ခက်ခဲတယ်၊ ကျွန်တော်တို့ စစ်တွေနဲ့ ကျောက်တော်မှာ ရောင်းပေးတယ်ဆိုတဲ့ နေရာတွေကို တက်ဝယ်တယ်၊ အများစု သူတို့လူတွေ၊ ပိုက်ဆံပိုပေးနိုင်တဲ့ သူတွေကို ရောင်းတယ်၊ အဲ့လိုကြ ဘယ်လိုမှ အဆင်ပြေမနေဘူး ” လို့ နောက်ထပ်စစ်တွေမြို့ခံတဦးကလည်း ပြောပါတယ်။
 
ရခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ မုန်တိုင်းကာလအလွန် ရခိုင်ဒေသတွင်းမှာ အခြေခံစားကုန်နဲ့ တခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကား နေကြတဲ့ကုန်သည်တွေအနေနဲ့ ပြည်သူတွေဒုက္ခ ရောက်နေချိန်မှာ အခွင့်ကောင်းယူ ဈေးမြှင့်တာတွေမလုပ်ဖို့မနေ့က သူ့ရဲ့မိန့်ခွန်းမှာထည့်ပြောထားပါတယ်။
 
ရခိုင်ပြည်နယ်က သဘာဝဘေးဒဏ်သင့်သူတွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်တွေနဲ့ ပို့ပေးနေပြီး အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ တာပေါ်လင်စ၊ အိမ်ဆောက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရေယာဉ်နှစ်စီးဟာ ရန်ကုန်-သီလဝါဆိပ်ကမ်းကနေ မနေ့ကမနက်ပိုင်းမှာ စတင်ထွက်ခွာခဲ့ပြီး ဒီကနေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ စစ်တွေမြို့ကို ရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – Social Media