ဘော်လခဲမှာတိုက်ပွဲမရှိဘဲ လေကြောင်းကတိုက်လို့ အမျိုးသမီးငယ်တဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မေ၊ ၁၇
 
ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံကျေးရွာကို ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး (၁) ဦး သေဆုံးပြီး အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
“ တိုက်ပွဲဖြစ်ပွားမှု မရှိပါ။ ဘာထူးခြားဖြစ်စဉ်မှ မရှိဘူးဗျ။ ဒီနေ့ မနက် ၄ နာရီလောက်က ဗုံး ၂ လုံးနဲ့ လာကြဲချသွားတာပါဗျ။ ဒေသခံတွေက နီးစပ်ရာတောထဲ ပြေးကြတယ် ” လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
မေလ ၁၇ ရက် မနက် ၄ နာရီခန့်က ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၇ ရွယ် အမျိုးသမီးသေဆုံးခဲ့သလို အသက် ၄၀ ဝန်းကျင်တွေဖြစ်တဲ့ သက်ကြီးပိုင်းအမျိုးသား (၄) ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်လို့ သိရပါတယ်။
 
ထိခိုက်ဒဏ်ရာရသူလေးဦးဟာ မစိုးရိမ်ရဘဲ နီးစပ်ရာဆေးအဖွဲ့တွေက ကုသမှုပေးထားတယ်လို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာဆေးပေးခန်း အဆောက်အဦ ၂ လုံး၊ လူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဘုန်းကြီးကျောင်းမှာလည်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
စောလုံကျေးရွာဟာ အိမ်ခြေ ၃၀ ခန့်သာ ရှိတဲ့ ကျေးရွာကလေးဖြစ်ပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက ဒေသခံတွေဟာ နီးစပ်ရာ တောထဲကို ထွက်ပြေးပြီး ရှောင်နေကြရတယ်လို့ သိရပါတယ်။
 
ဒီရက်ပိုင်းထဲ စောလုံကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းမရှိဘဲ မေလ ၁၃ ရက် စောလုံကျေးရွာနဲ့ အလှမ်းကွာဝေးလှတဲ့ ဝမ်ဗလန်းကျေးရွာအနီးက သဲတောင်မှာသာ နောက်ဆုံးတိုက်ပွဲဖြစ်ထားတယ်လို့ သိရပါတယ်။
 
ဘောလခဲခရိုင်အတွင်း စစ်ကောင်စီဟာ လူနေကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်အထိ ရှိလာပြီတဲ့အတွက် အရပ်သားပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်မှုတွေကို ဂရုတစိုက်ပြင်ဆင်ထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။
 
မေလ ၆ ရက်ကလည်း ဘောလခဲမြို့၊ ပွန်ချောင်းအရှေ့ခြမ်း၊ တံတားသစ်မှာ စစ်ကောင်စီနဲ့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က တဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မတ်လ ၂၃ ရက်လည်းက ဘောလခဲခရိုင်အတွင်းက အရပ်သားပြည်သူတွေရဲ့ သစ်လုပ်ငန်းနေရာတခုကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
 
စစ်ကောင်စီအာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်အထိ အရပ်သားသေဆုံးတာ ၃၅၁၇ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – ဘောလခဲ PDF