မေ၊ ၁၇
တိုက်လေယာဉ်တွေ ဖြည့်တင်း ထောက်ပံ့နိုင်ရေးကိစ္စ ယူကရိန်းကို အကူအညီပေးဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဗြိတိန်နဲ့ နယ်သာလန် အစိုးရတွေက အသီးသီး ကတိပြုခဲ့ကြပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ နယ်သာလန် ဝန်ကြီးချုပ် မတ်ခ် ရူတေးတို့က ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ထောက်ပံ့ပေးနိုင်ရေး နိုင်ငံတကာ ပူးပေါင်း အင်အားစု တခု ပေါ်ထွန်းလာအောင် ကြိုးစားပေးကြဖို့ သဘောတူခဲ့ကြပါတယ်။ အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက NATO မဟာမိတ်တွေဆီကနေ အပူအပြင်း တောင်းဆိုနေတဲ့ စစ်လက်နက် အမျိုးအစားလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ ဂျာမနီတို့ အပါအဝင် အနောက်မဟာမိတ် အင်အားကြီး နိုင်ငံတချို့က ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ပေးရေး ကိစ္စကို တွန့်ဆုတ်နေဆဲ ဖြစ်သလို ယူကရိန်းရဲ့ တောင်းဆိုမှုက မဟာဗျူဟာ ရှုထောင့်ကကြည့်ရင် ကြောင်းကျိုး ညီညွတ်မှု မရှိဘူးလို့ အကြောင်းပြထားပါတယ်။
ဒါပေမဲ့ ဗြိတိန်နဲ့ နယ်သာလန် ဝန်ကြီးချုပ်တွေကတော့ ယူကရိန်း လိုချင်နေတဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ရရှိရေးအတွက် ဖြစ်နိုင်ခြေ နည်းလမ်း အားလုံးနဲ့ ကူညီနိုင်ဖို့ နိုင်ငံတကာ ညွန့်ပေါင်း အင်အားစု တခုကို စုစည်းပေးသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဆူနက်ခ်ရဲ့ ပြောရေး ဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။ အဲဒီ အားထုတ်မှုမှာ ရှိရင်းစွဲ F-16တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးရေး တိုက်တွန်း လှုံ့ဆော်မှုတွေအပြင် F-16 အသစ်တွေ တည်ဆောက်ဖို့နဲ့ ယူကရိန်း လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်တွေလည်း ပါဝင်ပါတယ်။
ယူကရိန်း သမ္မတ ဇီလန်စကီးက ရုရှားရဲ့ လေကြောင်းထိုးစစ် အသာစီး ရနေမှုကို တုံ့ပြန်ရာမှာ နည်းပညာမြင့် F-16 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ခြင်းက ယူကရိန်းကို အားသာချက် ကြီးကြီးမားမား ရရှိလာစေမယ်လို့ ပြောကြားထားပါတယ်။ တဖက်မှာလည်း အမေရိကန်က စတုတ္ထမျိုးဆက် စာရင်းဝင် F-16တွေဟာ ရုရှားရဲ့ နောက်ဆုံးပေါ် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကို ရှောင်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။
နှစ်ဆန်းပိုင်းလောက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် အနေနဲ့ ယူကရိန်းဆီ F-16တွေ တိုက်ရိုက် ပေးပို့မှာ မဟုတ်ဘူးလို့ ပြောထားပေမယ့် ဥရောပမှာရှိတဲ့ NATO အဖွဲ့ဝင် နိုင်ငံတချို့ကတော့ သူတို့ရဲ့ F-16တွေကို ယူကရိန်းဆီ ပို့ဆောင်ရေး ဖြစ်နိုင်ခြေတွေကို လမ်းဖွင့်ပေးထားဆဲလို့ သိရပါတယ်။
Ref: Al Jazeera