မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကာတာ ဘဏ်လုပ်ငန်းရှင် နောက်တကြိမ် ထပ်ကမ်းလှမ်း

မေ၊ ၁၇

မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဝယ်ယူဖို့အတွက် ကာတာ ဘဏ်လုပ်ငန်းရှင် ရှိတ်ခ်ဂျာဆင်မ် ဘင်ဟာမက် အယ်လ်သာနီဟာ နောက်ဆုံးတကြိမ် ထပ်မံ ကမ်းလှမ်းထားလိုက်ကြောင်း သိရပါတယ်။

အသင်းပိုင်ရှင် အမေရိကန် သူဌေးတွေဖြစ်တဲ့ ဂလေဇာ မိသားစုဟာ ဗြိတိန် လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး ဆာဂျင်မ် ရက်ကလစ်ဖ်ဆီ အသင်းကို ရောင်းချဖို့ ပိုပြီး လိုလိုလားလား ရှိနေကြောင်း ခန့်မှန်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ပရိသတ်တွေကတော့ ယူနိုက်တက်ကို ကာတာပိုင်ရှင်သစ်တွေ လက်ထဲ ရောက်ရှိဖို့ လိုလားနေကြပါတယ်။

ဂလေဇာတွေဟာ ၂၀၀၅ ခုနှစ်မှာ ယူနိုက်တက်ကို စတာလင်ပေါင် သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့ပေမယ့် ဘဏ်ချေးငွေတွေကို အသုံးပြုခဲ့တာကြောင့် အတိုးတွေတက်ပြီး အသင်းအပေါ် ဝန်ပိစေတယ်လို့ ပရိသတ်တွေက စွပ်စွဲကြပါတယ်။ ပြီးတော့ ဂလေဇာတွေ လက်အောက်မှာ ယူနိုက်တက်ရဲ့ စီးပွားရေး အခြေအနေတွေ တိုးတက်လာတဲ့တိုင် ဘောလုံး ရှုထောင့်က အာရုံစိုက်မှု နည်းပါးပြီး ကွင်းတွင်း အောင်မြင်မှုတွေ ဝေးကွာလာတယ်လို့လည်း ပရိသတ်တွေက ခံစားနေရပါတယ်။

ရက်ကလစ်ဖ်ကလည်း အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းပေမယ့် ဘဏ်ချေးငွေကို အသုံးပြုဦးမှာ ဖြစ်တာကြောင့် ပရိသတ်တွေက ကန့်ကွက်နေကြတာပါ။ တဖက်မှာတော့ ရက်ကလစ်ဖ်က အသင်းရဲ့ ရှယ်ယာထက်​ဝက်ကျော်ကိုသာ ဝယ်ယူပြီး ဂလေဇာ မိသားစုဝင်တွေကို ရှယ်ယာရှင်တွေ အနေနဲ့ ဆက်ရှိခွင့် ပြုမယ်ဆိုတာမျိုး မက်လုံးပေးထားတာကြောင့် ဂလေဇာတွေက သူ့ဖက်ကို စိတ်ယိုင်နေဟန် ရှိပါတယ်။

မေလ ၁၆ ရက်မှာတော့ ရှိတ်ခ် အယ်လ်သာနီက ယူနိုက်တက်အတွက် စတာလင်ပေါင် ၅ ဘီလီယံထိ ပေးချေပြီး ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ခွင့်အတွက် ကမ်းလှမ်းမှုအသစ် ပေးပို့လိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် အသင်းမှာ တင်နေသမျှ ကြွေးမြီ အားလုံးကို ဆပ်ပေးပြီး စျေးကွက်ထဲမှာ အသုံးပြုဖို့ ငွေကြေး အမြောက်အမြား မြှုပ်နှံပေးမယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။

ဂလေဇာတွေက ယူနိုက်တက်ကို ရောင်းချသွားဖို့ စဉ်းစားနေကြောင်း နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့ပေမယ့် ကမ်းလှမ်းမှုတွေအတွက် နောက်ဆုံးရက် သတ်မှတ်ခဲ့တဲ့ ဧပြီ ၂၈ ရက်ထိ ဂလေဇာတွေဖက်က တခုခု တုံ့ပြန်လာတာမျိုး ထပ်မတွေ့ရသေးပါဘူး။

လက်ရှိ အချိန်ထိလည်း ယူနိုက်တက်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဂလေဇာ မိသားစုက တိတိကျကျ ဆုံးဖြတ်ထားပြီးသားဆိုတဲ့ အလားအလာမျိုး မမြင်ရသေးပါဘူး။ ပရိသတ်တွေကတော့ ဂလေဇာတွေကို နှစ်ပေါင်း အတော်ကြာကတည်းက စိတ်ကုန်နေခဲ့ပြီး ကာတာဖက်က ကမ်းလှမ်းမှုကို အမြန်ဆုံး လက်ခံစေချင်နေတယ်လို့ သိရပါတယ်။

 

Ref: BBC