စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးနိုင်ရေး ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ G-7နိုင်ငံတွေကို အိတ်ဖွင့်ပေးစာပေးပို့တောင်းဆို

မေ၊ ၁၆
 
အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေဆက်မလုပ်နိုင်တော့အောင် ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ပေးဖို့နဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင်မှုမရရေး သေချာအောင်ဆောင်ရွက်ပေးဖို့ မြန်မာတော်လှန်ရေးအင်အားစုတွေက G-7 အဖွဲ့ဝင် နိုင်ငံတွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
 
အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံခုနစ်ခု ပါဝင်တဲ့ G-7 အဖွဲ့ အစည်းအဝေးကို အခုလ (၁၉)ရက်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပဖို့ရှိနေချိန် တော်လှန်ရေးအင်အားစုတွေက အခုလိုအိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။
 
“ G-7 နိုင်ငံတွေက အရပ်သားပြည်သူတွေကို အစုအပြုံလိုက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ရပ်တန့်သွားအောင် လုပ်နိုင်တယ်လို့ ယုံကြည်နားလည်ပါတယ်၊ ဒါကြောင့် ခုလိုတောင်းဆိုတာပါ၊ ဥပမာ ရုရှားနဲ့ ယူကရိန်းအရေးမှာ ရုရှားကို G-7 နိုင်ငံတွေက အများကြီး ပိတ်ဆို့မှုတွေ လုပ်ခဲ့သလို ယူကရိန်းပြည်သူတွေကို အထောက်အပံ့တွေ ပေးခဲ့တာရှိတယ်၊ ရုရှားလိုနိုင်ငံကိုတောင် ထိခိုက်သွားအောင်လုပ်နိုင်ရင် အကြမ်းဖက်စစ်တပ်ကို ထိခိုက်သွားအောင်လုပ်နိုင်မယ်လို့ နားလည်ပါတယ် ” လို့ အဲဒီအိတ်ဖွင့်ပေးစာနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ စောအယ်မူက DNA ကို ပြောပါတယ်။
 
ဒီအိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတဲ့ တောင်းဆိုချက်တွေကို ပြည်တွင်းပြည်ပက မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုအဖွဲ့တွေ၊ အမျိုးသမီးရေးအဖွဲ့တွေ၊ CDM အဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ဘာသာပေါင်းစုံ သပိတ်အင်အားစုတွေ၊ LGBT အဖွဲ့တွေ စတဲ့အဖွဲ့အစည်းပေါင်း (၁၉၁)ဖွဲ့ နဲ့ အရပ်သားကိုးထောင်ကျော်တို့က လက်မှတ်ရေးထိုးထားတာဖြစ်တယ်လို့ သိရပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရပ်သားတွေအပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ မကျူးလွန်နိုင်တော့ရင် သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တော့မှာမဟုတ်တော့ဘူးလို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ ဒေါ်လာငွေရရှိနိုင်တဲ့ လမ်းကြောင်းတွေ ရှိနေသမျှ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမှာဖြစ်လို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ နိုင်ငံခြားကုန်သွယ်မှုဘဏ်အပါအဝင် ပြည်ပဝင်ငွေရရှိနိုင်တဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ လိုတယ်လို့လည်း ထောက်ပြထားပါတယ်။
 
G7 အဖွဲ့ဟာ ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့ အဖွဲ့တခုဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ယူကရိန်း-ရုရှားအရေးမှာ ပါဝင်ကူညီနေမှုရဲ့ တစိတ်တပိုင်းလောက်သာ မြန်မာ့အရေးအတွက် ကူညီပေးဖို့လိုပေမယ့် သဘောထားထုတ်ပြန်ချက်တွေပဲ ထုတ်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေရဲ့ အိတ်ဖွင့်ပေးစာမှာ ဝေဖန်ထားပါတယ်။
 
“ G-7 နိုင်ငံတွေဟာ မြန်မာနိုင်ငံကို ယူကရိန်းကို ထောက်ပံ့ရပ်တည်ပေးသလောက်ရဲ့ ၁၀ ပုံ ပုံရင် တပုံလောက်တောင် ရပ်တည်ပေးခဲ့တာ မရှိသေးဘူး ” လို့ အဲဒီအိတ်ဖွင့်ပေးစာနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ စောအယ်မူက ပြောပါတယ်။
 
အဲ့ဒီအိတ်ဖွင့်ပေးစာနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ရုပ်သံအက်ဆေးကိုလည်း G-7 အစည်းအဝေးတက်ရောက်မယ့် နိုင်ငံခေါင်းဆောင်တွေဆီ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
 
“ ဒီလိုမျိုး တောင်းဆိုစာပို့တဲ့ နောက်ကွယ်မှာတော့ သူတို့အနေနဲ့ ဘယ်လို၊ ဘယ်ပုံမျိုးနဲ့ လုပ်ပေးမလဲက ခန့်မှန်းဖို့ ခက်ပါတယ်၊ ဒါပေမဲ့ သူတို့က မလုပ်ပေးဘူးဆိုရင်လည်း ကျွန်တော်တို့က ဆက်ပြီးတော့မှ G-7 ကိုသော်လည်း ကောင်း၊ G-7 မှာပါတဲ့ နိုင်ငံတွေကို ဆက်ပြီးတော့ ဖိအားပေးတာမျိုး ကျွန်တော်တို့လုပ်နိုင်တဲ့အပိုင်းက ဆက်လုပ်သွားဖို့ ရှိပါတယ် ” လို့ စောအယ်မူက ပြောပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး အခုနှစ်အတွင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလာတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြောကြပါတယ်။
 
စစ်ကိုင်းတိုင်း ကန့်ဘလူနယ်က ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့တလအတွင်းမှာတင် အရပ်သား(၂၁၀)ဦး သေဆုံးခဲ့တယ်လို့ အထက်ပါအိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ အခုနှစ် ဧပြီလအတွင်း လေကြောင်းကတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။​