မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေပျက်စီး၊ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးမှုရှိ

မေ၊ ၁၆
 
ဖျက်အားပြင်း ဆိုင်ကလုံးမုန်တိုင်း မိုခါ ဂယက်ကြောင့် စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိကာ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးမှုရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
“ တောင်ပေါ်ကနေ ရေစီးလာတယ်၊ တောင်ကျရေစီးက သန်တယ်လေ၊ စခန်းနေရာလေးက ဘယ်လောက်လုံခြုံမှာလဲ၊ ထန်းလက်တဲလေးတွေ၊ အခိုင်အမာဆောက်ထားတာမှ မဟုတ်တာ၊ လေကောမိုးကောဆိုတော့ စခန်းလည်းပျက် စစ်လက်နက်ပစ္စည်းတွေနဲ့ ရိက္ခာတွေ ဆုံးရှုံးတာပေါ့ ” လို့ Monywa Local Revolution Union က ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
 
မုန်တိုင်းကြောင့် အဲ့ဒီတပ်ဖွဲ့ရဲ့ စခန်း ပျက်စီးခဲ့ရာမှာ ရိက္ခာ၊ မိုင်း၊ ယမ်း စတဲ့လက်နက်ထုတ်လုပ်ရေးပစ္စည်းတွေလည်း ပျက်စီးသွားလို့ စုစုပေါင်း ကျပ်ဆယ်သိန်းတန်ဖိုးဝန်းကျင်လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
 
အလားတူ မိုခါမုန်တိုင်းကြောင့် ယင်းမာပင် ခရိုင် PDF တပ်ရင်း အမှတ် ၂၉ စခန်း၊ ခရိုင်တပ်ရင်း (၁၆) တပ်ခွဲတခုရဲ့စခန်း၊ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ အခြေပြုထားတဲ့ မုံရွာ အထူးတိုက်ခိုက်ရေးအဖွဲ့ – Special Regional Attacks Forces – Monywa (SRAF) တပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေးစခန်း၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် MLRU တပ်ခွဲ (၂) Brave Heart Army-BHA စခန်းအပြင် အခြားကာကွယ်ရေးစခန်းတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
“ စခန်းက တောင်ကျရေတွေ အကုန်ပေါင်းဝင်တာဆိုတော့ ပျက်တာပေါ့၊ ထမင်းတောင် ချက်စားစရာမရှိဘူး၊ မီးကလည်း ဆိုလာနဲ့သုံးရတာဆိုတော့ အဆင်မပြေဘူး၊ အမိုးကမလုံတော့ ရဲဘော်တွေလည်း အဆင်မပြေဘူး “ လို့ မုံရွာခရိုင်အခြေစိုက် MLRU တပ်ခွဲ (၂) Brave Heart Army-BHA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေအပြင် စစ်ကောင်စီတပ်တွေ လှုပ်ရှားသွားလာနိုင်တဲ့ လမ်းတွေ၊ ကာကွယ်ရေးတပ်ဖွဲ့စခန်းတွေအနီးမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရေစီးနဲ့မျောပါသွားတာမျိုးတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။
 
မိုခါမုန်တိုင်းအရှိန်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း မြောက်ယမားဆည်ရဲ့ ဆည်လက်တံတခု ကျိုးခဲ့တာကြောင့် မြောက်ယမားချောင်းထဲ ရေလျှံကာ ဆည်အနီး ယင်းမာပင်မြို့နယ်ထဲက ကျေးရွာနှစ်ဆယ်ဝန်းကျင် ရေလွှမ်းခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် ဒေသခံတွေနဲ့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုပါတယ်။
 
“ ရေဘေးသင့် ပြည်သူတွေအတွက်ပဲ ကူကူ၊ ကျွန်တော်တို့ ဝပ်ကျင်းအသစ်လေး တည်ဆောက်ဖို့အတွက်ပဲ ကူကူ ကူပေးကြပါအုံးဗျာ၊ တကယ်အားနာနာနဲ့ပါပဲ၊ အင်တာနက်က အရင်လို ဝပ်ကျင်းလေးကနေ အမြဲရပေမယ့် ခုတော့ ဝပ်ကျင်းလေးကို မုန်တိုင်းက ဖျက်လိုက်တော့ အင်တာနက်လည်း အမြဲမရတော့ပါဘူး ” လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 
ဓာတ်ပုံ – BHA