မေ၊ ၁၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဆက်သွယ်ရေးလမ်းပိုင်းကို စစ်ကောင်စီတပ်တွေက မေလ ၁၃ ရက်နဲ့ ၁၄ ရက်ကြားမှာပဲ ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးထားတာကြောင့် ကလေးဒေသက စစ်ရှောင်တွေနဲ့ စစ်ရှောင်စခန်းလေးခုက စစ်ရှောင်ပြည်သူတသောင်းကျော်ဟာ ရိက္ခာအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ စစ်ရှောင်စခန်းလေးခုက စစ်ရှောင်တသောင်းကျော် စားနပ်ရိက္ခာလိုအပ်မှုဖြစ်နေတာပါရှင့်။ အဓိကက ဆန်ဆီဆားပါ “ လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
ကလေးဒေသတခုလုံးပေါင်း အိုးအိမ်စွန့်ခွါထွက်ပြေးရသူပေါင်း ငါးသောင်းကျော်ထဲမှာ စစ်ရှောင်စခန်းလေးခုမှာ တသောင်းကျော်နေထိုင်ပြီး ကျန်တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရတာပါ။
လက်ရှိကလေးဒေသမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး မြေပြင်ရော ဝေဟင်ကပါ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ရှောင်စခန်း လေးခုလောက်သာ ထားရှိနိုင်တာပါ။
အဲဒီလိုလမ်းပိုင်းဖျက်ဆီးခံထားရတာကြောင့် လက်ရှိမှာ စစ်ရှောင်စခန်းအတွက် ရိက္ခာ ဆန်ကြမ်းတအိတ်ကို လေးသောင်းကနေ မေလထဲကစပြီး ခုနှစ်သောင်းအထိ ပေးဝယ်နေကြရတယ်လို့ သိရပါတယ်။
” ဒုက္ခပေးတာကတော့ ထုံးစံအတိုင်းပေါ့၊ ကုန်စည်ကူးသန်းမှု လမ်းပိတ်တယ်၊ တခုခုဆို အပြန်အလှန်ကူညီဖို့ ခက်သွားတယ်၊ မဟာမြိုင်ဘက် လမ်းပဲ ရှိတော့တယ်။ အဲ့လမ်းကလည်း မိုးတွင်း မလွယ်ဘူး၊ ဂန့်ဂေါ-ကလေး လမ်းပိုင်းပိတ်ထားတော့ လိုချင်တာရဖို့ လမ်းအရှာထွက်နေတယ်၊ သူတို့က မြေကော်စက်နဲ့ ထိုးပြီး ဖျက်ထားတာ၊ ကင်းလည်း ထိုင်ထားတယ်၊ စစ်ရှောင်တွေအတွက်က ကျန်းမာရေးပေါ့၊ ဝမ်းရောဂါနဲ့ ငှက်ဖျားအတွက် စိတ်ပူနေရတယ် ” လို့ ကလေးမြို့နယ် စစ်ရှောင်များအတွက် ကူညီနေသူတဦးက DNA ကိုပြောပါတယ်။
ဒါ့အပြင်မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ရော ဝေဟင်နဲ့ မြေပြင်ကပါ စစ်ကြောင်းထိုးခဲ့တဲ့ ကလေးမြို့အနီး သာစည်၊ လေးအိမ်စုက ဒေသခံတွေလည်း အခုချိန်ထိ မိုးထဲလေထဲ တောထဲတောင်ထဲတွေမှာ တိမ်းရှောင်နေကြရတဲ့အတွက် သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
မိုးတွင်းမှာ ကလေးတောင်ပိုင်းရှိ လမ်းတွေ ပြတ်တောက်လေ့ရှိတဲ့အတွက်လည်း မကြာခင်မှာ ရိက္ခာသယ်ယူပို့ဆောင်ရေးကို ချင်းတွင်းမြစ်အတွင်း ရေလမ်းကြောင်းကိုသာ အသုံးပြုရတော့မယ့်အတွက် အခြေခံကုန်စည်စျေးနှုန်းတွေ ဆက်လက်မြင့်တက်လာတော့မှာဖြစ်လို့ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာရရှိရေး စိုးရိမ်နေကြရတယ်လို့လည်း သိရပါတယ်။
” ခုတောင်မှ ရွာစဥ်လိုက်ပြီး အလှူခံထွက်နေရတယ်၊ ရှိတာစားနေရတယ်၊ ဒေသထွက်တောစာလေးတွေ ရှာဖွေစားသောက်ပေါ့၊ သူတို့က ပိတ်ထားတာတမျိုး၊ မိုးတွင်းဆို လမ်းမသုံးရတော့ မြစ်ကြောင်းက သယ်တော့ စရိတ်လည်း ကြီးတယ်၊ အန္တရာယ်လည်း များတယ်၊ ခုက ပြည်သူအချင်းချင်းပဲ ရှိတာလေး ဝေမျှစားနေရတဲ့အခြေအနေပဲ၊ ကျန်းမာရေးကတော့ တော်လှန်ရေးအင်အားစုတွေ လာလုပ်ပေးတယ်၊ ဒါပေမယ့် ဝမ်းနဲ့ငှက်ဖျားကတော့ စိုးရိမ်နေကြရတာပေါ့ ” လို့ ကလေးဒေသရှိ စစ်ရှောင်ပြည်သူတဦးက ထပ်ပြောပါတယ်။
ဓာတ်ပုံ – စစ်ရှောင်ကူညီရေးအဖွဲ့ (ကလေးဒေသ)