မေ၊ ၁၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာသားနှစ်ဦးကို ဓားမကိုင်ဆောင်တဲ့အတွက်ဆိုပြီး မေလ ၁၅ ရက် မနေ့ကမနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့က မနက်အစောကြီး နှစ်ယောက်ဖမ်းတယ်။ သူတို့နှစ်ယောက်က တောသွားတာမှာ အဖမ်းခံရတာ။ ဓားမပါလို့ ဖမ်းတာလို့ ပြောတယ်။ တောသွားပါတယ်ဆိုမှ ဓားမတော့ပါမှာပဗျာ။ ဟိုဟာလေးခုတ်၊ သယ်ဟာလေးခုတ် လုပ်ရသေးတာကိုး ” လို့ ဒေသခံတဦးက ပြောပါတယ်။
မေလ ၁၁ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ဥပဒေထဲမှာ ဓားသွားသုံးလက်မထက်ပိုတဲ့ မောင်းချဓား၊ ဓားရိုးပါ ငါးလက်မထက်ပိုတဲ့ဓား စတာတွေကို တဦးဦးကိုဘေးအန္တရာယ်ဖြစ်စေဖို့ ဒါမှမဟုတ် ခြောက်လှန့်ဖို့ရည်ရွယ်ပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ကိုင်ဆောင် သွားလာတာ၊ လက်ဝယ်ထားရှိတာ၊ ပြသတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။
အဲ့ဒီတားမြစ်ချက်ကို ဖောက်ဖျက်ရင် အနည်းဆုံး ခြောက်လကနေ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ် လို့ စစ်ကောင်စီရဲ့လက်နက်ဥပဒေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အိမ်သုံး၊ လယ်ယာသုံး၊ စက်မှုလက်မှုလုပ်ငန်းသုံးနဲ့ အခြားလုပ်ငန်းသုံး ဓားတွေကို လက်နက်အဖြစ် အသုံးပြုဖို့ရည်ရွယ်ပြီး ကိုင်ဆောင်သွားလာရင်လည်း ဒီဥပဒေအရ လက်နက်သတ်မှတ်ချက်နဲ့ အကျုံးဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ထောက်လှမ်းရေးဆိုသူ ပစ်သတ်ခံရတဲ့ မေ ၁၁ ရက်မှာ ရွာခံမိန်းကလေးတဦး၊ မေ ၁၂ ရက်နေ့မှာ လူငယ်တဦးနဲ့ မေ ၁၅ ရက်နေ့မှာ သက်လတ်ပိုင်းအရွယ်ရွာသားနှစ်ဦး စုစုပေါင်းလေးဦးကို စစ်ကောင်စီက ဖမ်းဆီးထားတာပါ။
မေလ ၁၅ ရက်က သတ်လတ်ပိုင်းအရွယ် ရွာသားနှစ်ဦးကိုတော့ လယ်တောကို သွားစဥ်မှာ ဓားမကိုင်ဆောင်တဲ့အတွက်ဆိုပြီး စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဓားမကိုင်ဆောင်သွားတာဟာ ယာတောမှာ လိုအပ်တာတွေ ခုတ်ထွင်ရှင်းလင်းဖို့ဖြစ်ပြီး ရွာထဲမှာ စစ်ထောက်လှမ်းရေးတဦး အသတ်ခံရပြီးနောက် ရွာခံတွေကို ဖမ်းဆီးဖို့ တမင်အကြောင်းရှာနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မေ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တဲ့ လူငယ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက အဲ့ဒီနေ့ညမှာပဲ သတ်ဖြတ်ပြီး အလောင်းကို မြစ်သာမြစ်ထဲ မျောချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၁ ရက်နေ့က တောင်ခင်ရန်းရွာရဲစခန်းက စစ်ထောက်လှမ်း ရေးသိန်းဇော်ဆိုသူ ရွာထဲမှာ ပစ်သတ်ခံရကတည်းက ကျေးရွာတွင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး ရွာခံတွေကို ဖမ်းဆီးနေတာဖြစ်ပါတယ်။
” ဖြစ်တဲ့နေ့က ဖမ်းခံရတဲ့မိန်းကလေးကလည်း မလွတ်သေးဘူး။ ပိုက်ဆံနဲ့ ရွေးမယ်ဆိုတာ မရဘူး။ ခုအဲ့မိန်းကလေးအိမ်ကနေ ဆန်ငါးအိတ်၊ ကုလားပဲငါးအိတ်၊ ဆီငါးပုန်းနဲ့ သွပ်ဆယ့်သုံးချပ်တောင်းတယ်။ မနေ့က ဖမ်းခံရတဲ့ နှစ်ယောက်ဆီက ဘာတွေတောင်းမလဲမသိသေးဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ လူငယ်အပါအဝင် ဖမ်းဆည်းခံရသူလေးဦးဟာ စစ်ထောက်လှမ်းရေးသေဆုံးမှုမှာ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ မေလ ၁၁ ရက်က စခန်းကနေ ရွာထဲကို အရပ်ဝတ်နဲ့ တဦးတည်းထွက်လာတဲ့ စစ်ထောက်လှမ်းရေးသိန်းဇော်ဆိုသူကို ပစ်ခတ်ခံရကာ သေဆုံးခဲ့ပြီး သူစီးလာတဲ့ဆိုင်ကယ်ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းခဲ့ပါတယ်။
စစ်ထောက်လှမ်းရေးဆိုသူ အသတ်ခံရတဲ့ မေ ၁၁ ရက်နေ့ကတည်းက တောင်ခင်ရန်းရွာမှာ ဘောင်းဘီရှည်မဝတ်ရ၊ လွယ်အိတ်မလွယ်ရ၊ ဆိုင်ကယ်နှစ်ယောက်မစီးရ၊ မနက် ၆ နာရီကနေည ၆ နာရီ အတွင်း အပြင်မထွက်ရ စတဲ့အမိန့်တွေ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
တောင်ခင်ရန်းရွာဟာ ဂန့်ဂေါမြို့မြောက်ဘက် မိုင်လေးဆယ်ဝန်းကျင်အကွာ မြစ်သာမြစ်အနောက်ဘက်ကမ်းမှာ တည်ရှိတဲ့ လူဦးရေ လေးထောင်ဝန်းကျင်လောက် နေထိုင်တဲ့ ရွာတရွာဖြစ်ပြီး နယ်မြေရဲစခန်းလည်း ရှိပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသတွင်းမှာ လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတာကြောင့် အဲ့ဒီနယ်မြေရဲစခန်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲနေထိုင်လေ့ရှိပါတယ်။
အဲ့ဒီရဲစခန်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက မကြာမကြာတိုက်ခိုက်လေ့ရှိပြီး အရာရှိတွေအပါအဝင် စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Social Media (ပုံဟောင်း)