” မောချောင်းနှင့်သံသေချောင်းဘေးကရွာတွေအဓိကဆုံးရှုံးမူများတာ။ စပါးတွေဆိုလည်းမနည်းဘူးပါကြတာ။ ဆန်နဲ့စပါးထောင်ကျော်လောက်ပါမယ်။ ရေထဲမျောပါတာတွေက မျိုးထားတဲ့သီးနှံတွေပါပါကုန်တာ” လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်ဖွဲ့ YRA ပြန်ကြားတာဝန်ခံကိုကောင်းကပြောပါတယ်။
ထီးလင်းမြို့နယ်တွင်းက ဇီးတောရွာ၊အုန်းတောရွာ၊အုံးတွဲရွာ၊ ဝါးဘိုးချောင်ရွာ၊ ဝက်သက်ရွာ၊ အိုင်းမရွာ၊ကြာဥယျာဉ်ရွာ၊ရွှေခုံတိုင်ရွာ၊ကွမ်းစဲ၊ပုဏ္ဏား၊ ဝါးရင်းချိုင် ၊ထန်းပင်ကုန်းအပါအဝင် ကျေးရွာ ဆယ်ငါးရွာကျော်က ကျွဲနွားနဲ့ရိက္ခာပစ္စည်းတွေဆုံးရှူံးခဲ့တယ်လို့သိရပါတယ်။
အဆိုပါကျေးရွာတွေထဲကမှ ထန်းပင်ကုန်းကျေးရွာက ဆန်၊စပါး၊မြေပဲ၊နှမ်း တမျိုးကိုတင်းတရာကျော်နဲဲ့ဆီပုံးတရာဝန်းကျင်မျောပါခဲ့ပြီးဆုံးရှုံံးမူအများဆုံးဖြစ်တယ်လို့သိရပါတယ်။
” ထန်းပင်ကုန်းရွာက ရွာမီးရှို့ခံရပြီးကတည်းက ရွာအောက်ကျင်းမှာပြောင်းနေကြတာ။ မိသားစုတရာ့နှစ်ဆယ်ကျော်ရဲ့ ဆန်၊ဆီ၊ပစ္စည်းတွေအကုန်မျောသွားတယ်။ လက်ဗလာပဲကျန်ခဲ့တော့တာ” လို့စစ်ရှောင်ကူညီသူဒေသခံတဦးကပြောပါတယ်။
ထန်းပင်ကုန်းကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊အောက်တိုဘာလမှာ စစ်ကောင်စီကမီးရှိူဖျက်ဆီးခဲ့တာကြောင့် ရွာကပြည်သူတွေဟာ ကျေးရွာအောက်ဘက် မောချောင်းနဘေးမှာ တဲတွေဆောက်ပြီးနေထိုင်ကြတာဖြစ်ပါတယ်။ အဆိုပါစစ်ရှောင်စခန်းမှာ မိသားစု ၁၂၀ ၊လူဦးရေ ၆၀၀ ဝန်းကျင်ရှိပြီး တဲတွေကရိက္ခာနဲ့ပစ္စည်းတွေအားလုံး မေ ၁၄ ရက်ကမောချောင်းထဲမျောပါသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ထီးလင်းမြို့နယ်မှာ မုန်တိုင်းမလာခင် မေ ၁၁ ရက်နေ့ကတည်းက စ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျွဲ၊နွား ၂၇ ကောင်လည်း အအေးပတ်သေဆုံးခဲ့တယ်လို့သိရပါတယ်။
” နွားတွေက ခွါနာလျှာနာဖြစ်နေတာတွေလည်းရှိတယ်။ လေတိုက်ကတအားကြမ်းတော့ ခွါနာလျှာနာဖြစ်နေတဲ့နွားတွေကလဲတယ်။ မရပ်နိုင်တော့ဘူး။ နေစရာကလည်း လူတွေတောင်အလော(လူတွေတောင်နေစရာရှိဖို့မနည်းတဲဆောက်ပြီးနေနေရတယ်)။ သူတို့အတွက်ထားစရာလုံလုံခြုံခြုံမရှိဘူး။ လေကြမ်းပီးမိုးရွာတဲ့အချိန် သူတို့ကြည့်ဖို့မပြောန လူတွေတောင်ကုပ်နေရတာ” လို့ ဒေသခံတဦးကပြောပါတယ်။
ဆန်၊စပါးတင်းတထောင်ကျော်ရိက္ခာတွေမျောပါသွားတဲ့အတွက် ထီးလင်းနယ်မှာ ရိက္ခာနဲ့ဆေးဝါးအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့စစ်ရှောင်ကူညီသူတွေဆီကသိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ မုန်တိုင်းဒဏ်သင့်တဲ့ မကွေးတိုင်း ထီးလင်း၊ဆော၊ဂန့်ဂေါအပါအဝင် မြို့နယ်ခုနစ်မြို့နယ်အတွက် ၁၅၅ သိန်းထောက်ပံ့မယ်လို့ထုတ်ပြန်ထားပါတယ်။