မေ၊ ၁၆
အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာမှာ ပါဝင်ပြီး ရာသီသိမ်းနိုင်ရေးအတွက် ရှေ့က အသင်းတွေ ခြေချော်တာကို စောင့်နေမယ်လို့ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က ပြောကြားသွားပါတယ်။
လက်စတာ စီးတီးကို ၃-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့နောက် လီဗာပူးဟာ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ၆၅ မှတ်နဲ့ ရပ်တည်နေပါတယ်။ အဆင့် ၃ နဲ့ ၄ နေရာတွေမှာတော့ နယူးကာဆယ် ယူနိုက်တက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ၁ ပွဲလျှော့ ကစားထားပြီး ၆၆ မှတ်စီနဲ့ ရှေ့ဆင့်နောက်ဆင့် ရှိနေပါတယ်။
ရာသီသိမ်းချိန်ထိ လီဗာပူးမှာ ၂ ပွဲကစားခွင့် ရှိနေသေးပြီး ရှေ့က ၂ သင်းကတော့ ၃ ပွဲစီ လက်ကျန် ရှိနေသေးတဲ့ သဘောပါ။ ဂုဏ်သိက္ခာ အရရော၊ ငွေကြေးအရပါ အကျိုးအမြတ် ကြီးမားတဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို လာမယ့် ဘောလုံးရာသီမှာ ယှဉ်ပြိုင်ခွင့် ရဖို့အတွက်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာမှာ ပါဝင်ပြီး ရာသီသိမ်းနိုင်ဖို့ လိုပါတယ်။
ဂျာမန်သား ကလော့ပ်က ရှေ့အသင်းတွေကို စိတ်ဓာတ်ရေးရာ သွယ်ဝိုက်ဖိအားပေးတဲ့ အနေနဲ့ သူတို့ ခြေချော်တာကို လီဗာပူးက စောင့်နေမယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။
အသင်းအနေနဲ့ လုပ်နိုင်တာ မှန်သမျှကို လုပ်ထားပြီး ဖြစ်ကြောင်း၊ နယူးကာဆယ်နဲ့ မန်ချက်စတာတို့ဟာ အလွယ်တကူ ခြေချော်မယ့် အသင်းတွေ မဟုတ်သလို အရည်အသွေးမြင့်မြင့် ကစားပြနေကြကြောင်း၊ တကယ်လို့ သူတို့ ခြေမချော်ဘဲ လီဗာပူးလည်း ချန်ပီယံလိဂ် ဝင်ခွင့် မရတော့ဘူးဆိုရင် အတော်လေး စိတ်ပျက်စရာ ဖြစ်နိုင်ပေမယ့် လောလောဆယ်တော့ လုပ်သင့်တာကို လုပ်ပြီး အခြေအနေ စောင့်ရုံပဲ တတ်နိုင်ကြောင်း ကလော့ပ်က ပြောကြားသွားပါတယ်။
လီဗာပူးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သလို အဲဒီထဲက ၇ ပွဲဆက်တိုက်ကို အနိုင်ရထားပါတယ်။ ဒါပေမဲ့ ရာသီ အစပိုင်းနဲ့ ရာသီလယ်တွေမှာ ခြေစွမ်း မတည်ငြိမ်ခဲ့မှုတွေကြောင့် ရမှတ်တွေ တော်တော်များများ ပြုန်းတီးခဲ့ရတာပါ။
လီဗာပူးအတွက် နောက်ဆုံးလက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အနေနဲ့ အခုရာသီအတွက် ဘာဖိအားမှ မရှိဘဲ ကစားနေရတဲ့ အက်စတန်ဗီလာ၊ တန်းဆင်းဖို့ သေချာပြီးသားဖြစ်တဲ့ ဆောက်သမ်တန်တို့နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။