မုန်တိုင်းကြောင့် ကျောက်ဖြူမှာ ပျက်စီးမှုနည်းပါးပြီးဒေသခံအများစု နေအိမ်ပြန်ကြပြီ

မေ၊ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မတ်လ ၁၄ ရက် မနေ့က တိုက်ခတ်ခဲ့တဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ကြောင့်  အဆောက်အဦနဲ့ လျှပ်စစ်တာဝါတိုင်အနည်းငယ်သာ ပျက်စီးခဲ့ပြီး ဒေသခံအများစု နေရပ်ပြန်သွားကြပြီလို့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။

ကျောက်ဖြူကတော့ အဲ့လောက်ကြီးကြီးကျယ်ကျယ်တော့ မဖြစ်လိုက်ဘူး။ဘာလို့လဲဆိုတော့ စစ်တွေထက်စာရင်အများကြီး ပိုအဆင်ပြေတယ်ပေါ့နော်။ ပျက်စီးဆုံးရှုံးမှု စာရင်းကလည်း နည်းတယ်လို့ပြောလို့ရတယ်။ မြို့ပေါ်မှာဆိုရင်လည်းတအားကြီးသေကျေပျက်စီးမှုတွေမရှိဘူး။ ခေါင်မိုးလေးနည်းနည်း လန်တဲ့ဟာလောက်ပဲ ဖြစ်တယ်ပေါ့နော်။ သစ်ကိုင်းကျိုးတာလောက်ပဲရှိတယ်။ ဒေသခံမုန်တိုင်းလာရှောင်တဲ့သူတွေက ပြန်သွားကြပြီလို့ပြောလို့ရတယ်။ တချို့ နည်းနည်းလောက်ပဲကျန်တော့တယ်။” လို့ ကျောက်ဖြူ လူမှုကူညီရေး အသင်းက တာဝန်ရှိသူတဦးက  ပြောပါတယ်။

ဒေသခံအများစုပြန်ကြပေမယ့် ပင်လယ်ကမ်းခြေနဲ့ နီးတဲ့နေရာတွေက မုန်တိုင်းရှောင်သူတွေတော့ ကျန်နေခဲ့ပြီး မုန်တိုင်းအခြေအနေစောင့်ကြည့်တာနဲ့ ပြန်လည်ပြုပြင်ရေး အခြေအနေတွေပြီးမှဘဲ နေရပ်ပြန်မယ်လို့လည်း ဒေသခံအချို့ကပြောပါတယ်။

အဆိုပါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်ထဲမှာ ဆက်သွယ်ရေးတာဝါတိုင်အချို့ ပျက်စီးခဲ့ပြီး အော်ရီဒူး၊ မိုင်တဲဆင်းကတ်တွေသာ လိုင်းရနေကာ MPTဆင်းကတ်တွေကတော့ အသုံးပြုလို့ မရဖြစ်နေတဲ့အတွက်  ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေလို့ အချို့နေရာတွေမှာ ပြန်လည်အသုံးပြုလို့ရနေပြီလို့လည်း သိရပါတယ်၊၊

ကျောက်ဖြူမြို့နယ်ထဲက ပျက်စီးဆုံးရှုံးသွားတဲ့ နေရာတွေကို နယ်မြေခံလူမူကူညီရေးအသင်းအဖွဲ့တွေ၊ ဒေသခံတွေနဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေ ပူးပေါင်းပြီး နေရာတွေကို လိုက်လံရှင်းလင်းတာ၊ ရိက္ခာကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေသလို ပျက်စီးဆုံးရှုံးမှုအခြေအနေကို စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေကြတယ်လို့ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။

‘’မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တောင်၊ မင်းပြား၊ မြောက်ဦးနဲ့  မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသများ  ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နဲ့  ကြိုတင်စုပုံထားတဲ့ သွပ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းများကို လေယာဉ်များ၊ ကားများ၊တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပိုဆောင်ပေးဖို့ကိုလည်း စစ်ခေါင်းဆောင်က ဒီကနေ့ အရေးပေါ်အစည်းအဝေးမှာ ထည့်သွင်းပြောကြားထားပါတယ်။