ခင်ဦးမှာစစ်ကောင်စီက စားနပ်ရိက္ခာတွေမီးရှို့ခဲ့လို့ ဒေသခံငါးရာဝန်းကျင် စားရေရိက္ခာပြတ်လပ်

မေ၊ ၁၅
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကဘွက်ရွာရှိ နေအိမ်တွေနဲ့ ဒေသခံတွေ စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်က မီးရှို့ဖျက်ဆီးသွားတဲ့အတွက် အခုလို လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ မုန်တိုင်းကာလမှာ ဒေသခံငါးရာဝန်းကျင် စားရေရိက္ခာပြတ်လပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
 
” မိုးကလည်း ခပ်ဆက်ဆက်ရွာနေတာ။ ရပ်လိုက်ရွာလိုက်ပဲ အိမ်တွေကလည်း မီးထဲပါပြီး နေရတာအဆင်မပြေတော့တော့ သူတို့မှာ မီးဘေးသင့်တာရော၊ လူလေးငါးရာလောက်ဒုက္ခရောက်နေကြရတာပေါ့၊ ကူညီသူတွေကလည်း မရှိတော့ စားတာသောက်တာရော တခြားဟာတွေရော အခက်အခဲက ကြုံနေကြရတာပဲ၊ အကုန်လုံးဖရိုဖရဲနဲ့ ဖြစ်နေကြတာ” လို့ ကဘွက်ရွာ မီးဘေးသင့်ပြည်သူများအရေး အကူအညီပေးနေတဲ့ အမေ့သားကပြောပါတယ်။
 
စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့အတွက် ကဘွက်ရွာက အိမ်ခြေ သုံးရာနီးပါးလောက် မီးလောင်ပျက်ဆီးဆုံးရှူံးသွားခဲ့ပြီး လက်ရှိမှာတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုကိုးနေထိုင်နေကြရတဲ့ မီးဘေးသင့်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ အခုလိုကြုံတွေ့နေကြရတာပါ။
 
” စဥ့်ကူးဖက်က ကူးလာပြီး ရွာကိုရှို့တာ၊ အိမ်ခြေကတော့ နှစ်ရာကျော် သုံးရာနီးပါးပါသွားတာ၊ ရွာမှာလှောင်ထားတဲ့ ပဲရော၊ သီးနှံရော၊ စပါးရော အကုန်ထုတ်ပုံပြီး ရှို့တဲ့သူကရှို့၊ အိမ်ထဲမှာ ပါတဲ့ဟာတွေက ပါသွားတာ၊ ခုက မုန်တိုင်းဘေးရော၊ ရွာထဲကိုကလည်း ပြန်ဝင်လို့မရတော့ အကုန်ဒုက္ခရောက်ရတာပေါ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ ခင်ဦးနယ်ထဲမှာ မုန်တိုင်းအရှိန်​ကြောင့် မိုးရွာတာတွေ လေပြင်းတိုက်တာတွေကြုံတွေ့နေရပြီးတော့ စစ်ရှောင်ပြည်သူတွေနဲ့ မီးဘေးသင့်ပြည်သူတွေပါ နေစရာထိုင်စရာအခက်အခဲနဲ့ စားနပ်ရိက္ခာအခက်အခဲတွေ များစွာရှိနေတယ်လို့လည်း သိရပါတယ်။
 
“ အဓိက ကစားနပ်ရိက္ခာပေါ့။ ဘုန်းကြီးကျောင်း ခိုနေပေမယ့် အလှူရှင်မရှိတဲ့အခါ ချက်ပြုတ်စားရတာ ကိုယ့်ရိက္ခာလေးနဲ့ကိုယ်ဆိုတော့ ဘာမှမရှိလို့ အဆင်မပြေဘူး ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
အခုလိုအကူအညီလိုအပ်နေတဲ့ ကဘွက်ရွာဒေသခံများအတွက် ခင်ဦးနယ်မြေခံ ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းတွေကနေတဆင့် ကူညီပေးကြဖို့လည်း အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
 
“ လက်ရှိမှာ ဘေးရွာလေးတွေက ဝေတဲ့ ထမင်းထုတ်လေးတွေ စားနေရတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကိုလာလှူထားတဲ့ ဆန်အိတ်လေးတွေကနေ ဝေခြမ်းပြီး ချက်စားနေရတယ်။ ဟင်းစားကတော့ တောသဘာဝ ဖားရှာငါးရှာ စားကြရတာပေါ့။ လှူမယ့်သူမရှိတဲ့အချိန်ဆို ရှိသလိုပဲ သူတို့မှာဘာမှမရှိတော့တာ ” လို့ စစ်ရှောင်တဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ တိုက်ခတ်လာတဲ့ မိုချာမုန်တိုင်းရှိနေချိန်မှာပဲ စစ်ကောင်စီတပ်တွေဟာ စစ်ရေးတိုက်ခိုက်တွေ မရပ်နားပဲ စစ်ကြာင်းထိုးတာတွေ ရှိနေတာပါ။
 
စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ ခင်ဦးမြို့နယ်ထဲမှာ အခု မေလ ၁၂ ရက်ကနေ ဒီကနေ့အထိ စစ်ရှောင်ပြည်သူ ၂ သောင်းကျော်အထိ ရှိနေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ပြောဆိုချက်တွေအရ သိရပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကဘွက်ရွာရှိ နေအိမ်တွေနဲ့ ဒေသခံတွေစုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က မီးရှို့အပြီး တွေ့ရစဥ်။