ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် သားအမိနှစ်ဦး ရေစီးနဲ့မျောပါသွားပြီး မိခင်ဖြစ်သူအလောင်းပြန်တွေ့

မေ၊ ၁၅
 
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ်မှာ မနေ့ မေလ ၁၄ ရက်နေ့လယ်ပိုင်းကစပြီး မိုချာဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် စလင်းချောင်းရေမြင့်တက်ခဲ့ပြီး ကျေးရွာပေါင်း ၂၀ လောက်ရေလွှမ်းမိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီရေလွှမ်းမိုးမှုမှာဆိုရင် ဆင်ဖြူကျွန်း၊ နွယ်တမယ်ရွာကျေးရွာက ကလေးနဲ့ မိခင်ဖြစ်သူဟာ ရေစီးနဲ့မျောပါခဲ့ပြီး မိခင်ဖြစ်သူအလောင်းကိုတော့ ဒီကနေ့ မနက်ပိုင်းမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
မနေ့က ချောင်းရေမြင့်တက်လာချိန်မှာ နေအိမ်တွေထဲကို ရေဝင်ရောက်လာတာကြောင့် ပစ္စည်းတချို့သိမ်းဆည်းနေချိန် အသက် ၇၀ အရွယ် ဒေါ်အေးသန်းနဲ့ သမီးဖြစ်သူတို့ဟာ ရေစီးနဲ့ မျောပါသွားခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
” မိုးများပြီး ချောင်းရေက ရုပ်တရက်ထိုးတက်လာတာ အိမ်ထဲတွေအထိဝင်တာ လိုအပ်မယ်ထင်တဲ့ပစ္စည်းတွေနဲ့ ရေစိုခံလို့မရတဲ့ အစားအသောက်တွေကို နှစ်ထပ်အိမ်အပေါ်ထပ်တွေကို တင်ကျရတာပါ။ အဖွားရေစီးနဲ့မျောသွားတော့ သူ့သမီးက လိုက်ဆွဲရင်း ရေစီးထဲ သားအမိနှစ်ယောက်လုံးပါသွားတာ ” လို့ ကျေးရွာဒေသခံတဦးက DNA ကို ပြောပါတယ်။
မနေ့နေ့လယ်ပိုင်းက မကွေးတိုင်းကို ကုန်းတွင်းမုန်တိုင်း ဝင်ရောက်ချိန်မှာ မုန်းချောင်းနဲ့ စလင်းချောင်းမှာ ရေမြင့်တက်ခဲ့ပြီး စလင်း၊ ပွင့်ဖြူ၊ စကု၊ ဆင်ဖြူကျွန်း စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ရေစီးနဲ့မျောပါခဲ့တဲ့ အသက် ၇၀ အရွယ် ဒေါ်အေးသန်းရဲ့ အလောင်းကို လူမှုကူညီရေးအသင်းတွေက ပြန်တွေ့ခဲ့ပြီး သမီးဖြစ်သူ ဒေါ်ယမင်းစိုးကိုတော့ ဆက်လက်ရှာဖွေနေဆဲလို့ ဆိုပါတယ်။
အလားတူပဲ မနေ့က ရေကြီးမှုဖြစ်ချိန်မှာ ဆင်ဖြူကျွန်းပြန့်လွင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးနှစ်ဦးလည်း ဆိုင်ကယ်နဲ့အပြင်သွားချိန် ရေစီးနဲ့မျောပါခဲ့ပြီး မနေ့ ည ၉ နာရီလောက်မှာ အသက်ရှင်လျှက်ပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ မကွေးတိုင်းထဲကို ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းနဲ့ စလင်းချောင်းဘေးတလျောက်က ရွာတွေမှာ ရေကြီးရေလျှံခဲ့ပြီး ဒေသခံတွေလည်း အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
ဓာတ်ပုံ – CJ