ထိုင်းရွေးကောက်ပွဲမှာ မုဗ်ဖော်ဝပ်ပါတီ အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

 

မေ၊ ၁၅

ထိုင်းရွေးကောက်ပွဲ ကော်မရှင်က မေ ၁၄ ရက် ရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု ဝါဒီ အတိုက်အခံ ပါတီ မုဗ်ဖော်ဝပ် (MFP)က အနိုင်ရခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ထိုင်းရွေးကောက်ပွဲဟာ အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ နေရာအတွက် ယှဉ်ပြိုင်ရတာဖြစ်ပြီး MFPက စုစုပေါင်း ၁၅၁ နေရာအတွက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ MFPဟာ ရွေးကောက်ပွဲ မတိုင်ခင်က ဒုတိယ ရေပန်းအစားဆုံး ပါတီအဖြစ် ရပ်တည်ခဲ့ပါတယ်။

ထိုင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ အောက်လွှတ်တော် အမတ်​နေရာ ၄၀၀ အတွက်သာ ရွေးကောက်ပွဲ ယှဉ်ပြိုင်စေတာဖြစ်ပြီး ကျန်တဲ့ အမတ် ၁၀၀ စာ နေရာတွေကိုတော့ အချိုးကျ ကိုယ်စားပြု (PR)စနစ်နဲ့ ခန့်အပ်ပေးပါတယ်။ MFPဟာ မဲဆန္ဒနယ်တွေမှာ ၁၁၂ နေရာ အနိုင်ရပြီး PR ခွဲတမ်းကနေ ၃၉ နေရာ ထပ်ရခဲ့ပါတယ်။ MFPဟာ အခုရွေးကောက်ပွဲမှာ အမတ်နေရာ ၁၀၀ ဝန်းကျင်လောက်သာ ရရှိမယ်လို့ မူလက ထင်ကြေးပေး ခံထားခဲ့ရပါတယ်။

ဒီနှစ် ရွေးကောက်ပွဲမှာတော့ စစ်တပ် လိုလားတဲ့ အာဏာရ ကွန်ဆာဗေးတစ်တွေအပေါ် လူငယ်တွေ ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြတ်ပြတ်သားသား အသာရခဲ့ပါတယ်။

၂၀၀၁ ခုနှစ်ကစလို့ ကျင်းပသမျှ ရွေးကောက်ပွဲတိုင်းမှာ မဲအများဆုံး ရခဲ့ဖူးတဲ့ ဖျူထိုင်းပါတီ (PTP)ကတော့ ရွေးကောက်ခံ အမတ်နေရာ ၁၁၂ နေရာနဲ့ ခွဲတမ်းနေရာ ၂၉ နေရာ၊ စုစုပေါင်း အမတ်နေရာ ၁၄၁ ခုထိ ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အဓိက စောင့်ကြည့် ခံရတဲ့ ပါတီ ၅ ခုထဲမှာ လက်ရှိ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာ ဦးဆောင်တဲ့ ယူနိုက်တက် ထိုင်းအမျိုးသား ပါတီ (UTNP)က အခြေအနေ အဆိုးဆုံးဖြစ်ပြီး ရွေးကောက်ခံ ၂၃ နေရာ အပါအဝင် လွှတ်တော်အမတ် ၃၆ နေရာသာ ရခဲ့တာကို တွေ့ရပါတယ်။

MFPရော၊ PTPပါ လူငယ် ခေါင်းဆောင်တွေက ဦးဆောင်နေတာဖြစ်ပြီး ရွေးကောက်ပွဲ အပြီးမှာ ပူးပေါင်း မဟာမိတ် အင်အားစုတွေ အနေနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းလိမ့်မယ်လို့ ထင်ကြေးပေး ခံနေရပါတယ်။ တကယ်လို့ အဲဒီပါတီ ၂ ခု ပေါင်းလိုက်ရင်တောင်မှ အောက်လွှတ်တော် အမတ်နေရာ ၂၉၂ နေရာကိုသာ စုဆောင်းနိုင်ဦးမှာ ဖြစ်တာကြောင့် ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ဆိုရင် နောက်ထပ် ပါတီငယ်တွေကို စည်းရုံးရဦးမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ အကြီးအကဲ ဖြစ်ခဲ့သူ ပယာရွတ်သ်ဟာ စစ်တပ် ကြီးစိုးတဲ့ ကာလတွေမှာ သူ့ရဲ့ အာဏာစက်ကို ပိုပြီး အာမခံချက် ရှိစေမယ့် ဖွဲ့စည်းပုံ ဥပဒေမျိုးကို ရေးဆွဲခဲ့ပါတယ်။ အဲဒီ ဖွဲ့စည်းပုံ ဥပဒေအရ အထက်လွှတ်တော် အမတ် ၂၅၀ နဲ့ အောက်လွှတ်တော် အမတ် ၅၀၀၊ စုစုပေါင်း ၇၅၀ က ဝန်ကြီးချုပ်သစ် နေရာကို မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ်တွေက ရွေးကောက်ပွဲ မဝင်သလို ထိုင်းစစ်တပ်က စိတ်တိုင်းကျ ရွေးချယ် ခန့်အပ်ထားတာကြောင့် ရွေးကောက်ပွဲမှာ စစ်တပ်အားပေး ပါတီတွေကိုသာ ထောက်ခံမယ်လို့ ယုံကြည်ရပါတယ်။

MFPနဲ့ PTPတို့လို ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ အဲဒီလိုမျိုး အထက်လွှတ်တော်အမတ် နေရာ ၂၅၀၊ တနည်းအားဖြင့် လွှတ်တော် အမတ်​ နေရာ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံကို အသာစီး ပေးထားရတဲ့ မမျှမတ အခြေအနေမျိုးမှာ ရွေးကောက်ပွဲ ဝင်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်ခံရမယ့် ပုဂ္ဂိုလ်ဟာ ထိုင်းလွှတ်တော် နှစ်ရပ်ထဲက စုစုပေါင်း ထောက်ခံမဲ ၃၇၆ မဲထိ လိုအပ်တာကြောင့် လက်ရှိ အခြေအနေအရ ဒီမိုကရေစီ အင်အားစုတွေက ပြတ်ပြတ်သားသား အသာရထားတဲ့တိုင် MFPနဲ့ PTP ခေါင်းဆောင်တွေထဲက တယောက်ယောက် ဝန်ကြီးချုပ် ဖြစ်လာဖို့ အပြည့်အဝ အာမ မခံနိုင်သေးပါဘူး။ ထိုင်းဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ညွန့်ပေါင်း အစိုးရအတွက် မိတ်ဖက်သစ်တွေကို စည်းရုံးရဦးမှာ ဖြစ်ပါတယ်။

နောက်ပြီး အရင်ကလည်း နိုင်ငံရေး ကဏ္ဍမှာ အကြိမ်ကြိမ် စွက်ဖက်ခဲ့ဖူးတဲ့ ထိုင်းစစ်တပ်က အာဏာမသိမ်းဘူးလို့လည်း အပြည့်အဝ အာမခံလို့ မရပါဘူး။ ရွေးကောက်ပွဲမှာ အတိုက်အခံ အင်အားစုတွေ အခြေအနေ ကောင်းသွားပြီး စစ်တပ် လိုလားတဲ့ ပါတီတွေ အထိနာခဲ့ခြင်းကြောင့် စစ်တပ်က တရားလက်မဲ့ နည်းလမ်းမျိုးနဲ့ ကြားဝင်လာမှာကို စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

အထူးသဖြင့် မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ MFPရဲ့ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ဟာ ထိုင်းစစ်တပ် အထူးမျက်မုန်းကျိုးသူ တဦးလို့ ဆိုနိုင်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ပီတာဟာ ထိုင်းမှာ အလွန်အကျွံ အခွင့်ထူးခံအဖြစ် ရပ်တည်နေတဲ့ ဘုရင်စနစ်နဲ့ စစ်တပ် ဖွဲ့စည်းပုံတွေမှာ အထင်ရှား အမြင်သာဆုံး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားသူလည်း ဖြစ်ပါတယ်။

 

 

Ref: Bangkok Post