ဒီမိုကရေစီ အင်အားစုတွေ အသာစီးရပြီး စစ်တပ်အားပေး ပါတီတွေ အခြေအနေ မကောင်းတဲ့ ထိုင်းရွေးကောက်ပွဲ

မေ၊ ၁၅

ထိုင်းရွေးကောက်ပွဲရဲ့ ရလဒ်တွေ တရားဝင် ထွက်ပေါ်မလာသေးပေမယ့် ဒီမိုကရေစီ အင်အားစုတွေ သိသိသာသာ အသာစီး ရနေပြီး စစ်တပ်ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ လက်ရှိ ဝန်ကြီးချုပ် အပါအဝင် ကွန်ဆာဗေးတစ်တွေကတော့ မျှော်မှန်းထားတာထက် အများကြီးဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လစ်ဘရယ် ဒီမိုကရက် အင်အားစု တခုဖြစ်တဲ့ မုဗ်ဖော်ဝပ်နဲ့ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက လူထုကြားမှာ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဖျူထိုင်းပါတီတို့ဟာ ကနဦး မဲရေတွက်မှုတွေ ၉၉ ရာခိုင်နှုန်း ပြီးစီးချိန်ထိ ရှေ့ကနေ ဦးဆောင်နေပါတယ်။

အဲဒီပါတီ နှစ်ခုဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ သေချာသလောက် ရှိနေတာကြောင့် ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ နောက်ဆက်တွဲ ကွန်ဆာဗေးတစ်တွေ စုစုပေါင်း ဆယ်စုနှစ် တခုစာလောက် ကြီးစိုးခဲ့တဲ့ ကာလတွေ ဆုံးခန်းတိုင်ဖို့ တရွေ့ရွေ့ နီးကပ်လာနေပြီ ဖြစ်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ အကြီးအကဲဟောင်းဖြစ်ပြီး နောက်ပိုင်းမှာ အရပ်သား ဝန်ကြီးချုပ် ဘဝကို ခံယူခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ် အုပ်စိုးနေတဲ့ ကာလတွေမှာ ပယာရွတ်သ်ဟာ အနာဂတ် ရွေးကောက်ပွဲတွေမှာ သူ့အတွက် အသာစီး ရစေမယ့် ဖွဲ့စည်းပုံ ဥပဒေမျိုး ပြင်ဆင် ရေးဆွဲခဲ့တယ်လို့ အတိုက်အခံ အင်အားစုတွေက စွပ်စွဲကြပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ရလဒ်တွေမှာ အံ့ဩစရာ အကောင်းဆုံး ဖြစ်နေတာက မုဗ်ဖော်ဝပ်ပါတီပါ။ ​ပီတာ လင်ဂျာရွန်ရတ် ဦးဆောင်နေတဲ့ ပါတီဟာ ရွေးကောက်ပွဲ နီးလာလေလေ၊ လူကြိုက်များလေလေ ဖြစ်လာရာကနေ နာမည်ကြီး ဖျူထိုင်းထက်တောင် အောင်မြင်မှုတွေ ရလာခဲ့တာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ကျင်းပသမျှ ထိုင်းရွေးကောက်ပွဲ အားလုံးမှာ မဲအများဆုံး ရလေ့ရှိတဲ့ ဖျူထိုင်းကိုတော့ ပါတီထူထောင်သူနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက ဦးဆောင်နေပါတယ်။

အသက် ၃၆ နှစ်အရွယ် ပေတွန်တန်က ရွေးကောက်ပွဲမှာ မုဗ်ဖော်ဝပ်ပါတီ အခြေအနေ ကောင်းနေတာကို မုဒိတာစကား ဆိုခဲ့ပေမယ့် မဟာမိတ်ဖွဲ့ပြီး ညွန့်ပေါင်း အစိုးရကိစ္စ ဆွေးနွေးဖို့ ဆိုတာက စောလွန်းနေသေးတယ်လို့ ပြောပါတယ်။ ပြည်သူလူထုရဲ့ အသံကသာ အရေးအကြီးဆုံး အဆုံးအဖြတ်တွေကို ရွေးချယ်ပေးလိမ့်မယ်လို့ သူက ဆိုပါတယ်။

မုဗ်ဖော်ဝပ်ရဲ့ ခေါင်းဆောင် လင်ဂျာရွန်ရတ်ဟာ အသက် ၄၂ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး အငှားကား ချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှု ကုမ္ပဏီ တခုရဲ့ အမှုဆောင်အရာရှိဟောင်း ဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲ ရလဒ်တွေဟာ အံ့မခန်း ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပြီး သူ့ပါတီသာ အစိုးရ ဖွဲ့ခွင့်ရခဲ့မယ်ဆိုရင် သဘောထား မှန်မှန်နဲ့ ဆက်လက် ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပါတီတွေနဲ့ စစ်တပ်က ထောက်ခံတဲ့ ပါတီတွေကြား ပြိုင်ဆိုင်မှု ဖြစ်ခဲ့ကြောင်း၊ အခုအခါမှာတော့ လူနည်းစုလောက်ကသာ ထောက်ခံပြီး အာဏာဆုပ်ကိုင်ထားတဲ့ အစိုးရမျိုး အာဏာရနေဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသလောက်နီးပါး ပြောနိုင်ပြီဖြစ်ကြောင်း သူက ဆိုပါတယ်။

လင်ဂျာရွန်ရတ်က ဖျူထိုင်းနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းဖို့ လမ်းဖွင့်ထားတဲ့ သဘောမျိုး အရိပ်အမြွက် ပြောခဲ့ပေမယ့် ဝန်ကြီးချုပ် ရာထူးကိုတော့ သူ့အတွက် လျာထားပုံ ရပါတယ်။ ပြည်သူလူထုရဲ့ တခဲနက် အားပေး ထောက်ခံမှုတွေကို မုဗ်ဖော်ဝပ်က ရရှိခဲ့တယ်ဆိုတာ အထင်အရှား သက်သေထူထားပြီး ဖြစ်တယ်လို့လည်း သူက Twitterမှာ ရေးသားခဲ့ပါတယ်။

ထိုင်းနိုင်ငံရေး လေ့လာသူတွေကတော့ ရွေးကောက်ပွဲရဲ့ ကနဦး ရလဒ်တွေ ထွက်ပေါ်လာချိန်မှာ ထိုင်းစစ်တပ်နဲ့ မဟာမိတ် ပါတီတွေအတွက် အကြီးအကျယ် အထိနာမယ့်သဘော ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်က ညှိနှိုင်းရမယ့် အခြေအနေတွေအရ ကွန်ဆာဗေးတစ် အချို့ဟာ ညွန့်ပေါင်း အစိုးရသစ်မှာ ပါဝင်ကောင်း ပါဝင်လာနိုင်တယ်လို့လည်း ယုံကြည်ရပါတယ်။

အာဏာသိမ်းပြီး ကတည်းက ထိုင်းနိုင်ငံကို ၉ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ပယာရွတ်သ်ကတော့ ထိုင်းဟာ လောလောဆယ်မှာ အခြေခိုင်ပြီးသား စီမံအုပ်ချုပ်မှုမျိုးကို လိုအပ်နေပြီး အစိုးရ အပြောင်းအလဲ ဖြစ်သွားခြင်းဟာ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေကို ဖိတ်ခေါ်ရာ ရောက်သွားမယ်လို့ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သတိပေးခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲနေ့ ညနေပိုင်းမှာတော့ ပယာရွတ်သ်ဟာ ထိုင်းအမျိုးသားပါတီ ဌာနချုပ် ရှေ့ကနေ တိုးတိုးတိတ်တိတ် ထွက်ခွာသွားတာ တွေ့ရပါတယ်။ အဲဒီနေရာမှာ သူ့ကို ထောက်ခံသူ အနည်းအကျဉ်းလောက်သာ စုဝေးနေကြပါတယ်။ သူ့အနေနဲ့ နိုင်ငံ ငြိမ်းချမ်းပြီး သာယာဝပြောဖို့ကိုသာ မျှော်လင့်ကြောင်း၊ ပြီးတော့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအပေါ် လေးစားမှာဖြစ်ကြောင်း ပယာရွတ်သ်က ခပ်တိုတို မှတ်ချက် ပေးသွားခဲ့ပါတယ်။

ထိုင်းရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အသာစီး ရနေပေမယ့် တချိန်တည်းမှာလည်း စစ်တပ်က နောက်တကြိမ် အာဏာသိမ်းဦးမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြဆဲပါ။ ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာတော့ ထိုင်းစစ်တပ် အကြီးအကဲ နာရွန်ပန် ဂျစ်ကော်တေးက ထိုင်းနိုင်ငံမှာ နောက်ထပ် အာဏာသိမ်းမှုမျိုး ရှိလာမှာ မဟုတ်ဘူးလို့ အာမခံ ပြောကြားထားပါတယ်။

 

Ref: CNA