မေ၊ ၁၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ အရပ်ဝတ်လက်နက်ကိုင်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တာကြောင့် ခင်ဦးဒေသခံ သုံးထောင်နီးပါးဟာ မိုးထဲရေထဲမှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချမ်းသာကုန်းရွာနဲ့ အင်းပတ်ကျေးရွာတွေကို ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်စီးနင်းမှုကြောင့် အင်းပတ် ကျေးရွာကလေးနှစ်အရွယ် ယောကျာ်းလေးတဦး ပေါင်ကို လက်နက်ကြီးကျည်ထိမှန်ဒါဏ်ရာရခဲ့တဲ့အတွက် တိမ်းရှောင်ရင်းကပဲ ဆေကုသမှုခံယူနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
” အထွက်မှာ ကလေးက ထိတာ၊ ပေါင်ကို ကျည်ထိပြီးတော့ မိုးထဲလေထဲပဲ ဆေးကုနေရတယ်၊ ချမ်းသာကုန်းရွာနဲ့ အင်းပတ်ရွာအိမ်တွေကို မွှေနှောက်ပြီး ပစ္စည်းတွေ ရိက္ခာတွေ ယူသွားတယ်၊ ခုသူတို့အထိုင်ချတဲ့နေရာကို ပြန်ဆုတ်သွားပြီလို့ ကြားတယ်၊ ဒါပေမယ့် ဒေသခံတွေက မိုးထဲရေထဲမှာပဲ မပြန်ရဲသေးဘူး ဖြစ်နေတယ် ” လို့ ခင်ဦးဒေသခံတဦးက DNA ကိုပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ ချမ်းသာကုန်းကျေးရွာအတွင်းကို ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ကျေးရွာအတွင်းက စားစရာရိက္ခာတွေ ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ခင်ဦးနယ်ထဲက ဝင်ရောက်စီးနင်းခံရတဲ့ ချမ်းသာကုန်းကျေးရွာ၊ အင်းပတ်ကျေးရွာအပါအဝင် ရွာနီးစပ်ချုပ်ဖြစ်တဲ့ ကုန်းသာကျေးရွာက ဒေသခံအရပ်သား ၃၀၀၀ နီးပါးဟာ မိုးထဲရေထဲမှာပဲ စစ်ရှောင်နေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကလည်း ပြောပါတယ်။
” တချို့ကျတော့လည်း နီးစပ်ရာဘုန်းကြီးကျောင်းတွေ ဘာတွေပေါ့၊ ဒါပေမယ့်တော်တော်များများကတော့ ကလေးတွေရော သက်ကြီးရွယ်အိုတွေရောက မိုးထဲရေထဲ ငုတ်တုတ်ပဲ၊ ဟိုကောင်တွေကလည်း ရှောင်တဲ့နေရာတွေကိုပါ ထက်လှမ်းပစ်နေတော့၊ ဝေးတဲ့နေရာထပ်ပြေးပြီး နေနေကြရတာ၊ စားနက်ရိက္ခာနဲ့ အမိုးအကာတွေရဖို့ကလည်း အားခြင်းဆိုတော့ မလွယ်ဘူး ” လို့ ခင်ဦးစစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ခင်ဦးမြို့နယ်တွင်း စစ်ရှောင်ပြည်သူဦးရေ မြင့်တက်လာတဲ့အတွက် ဒေသတွင်းအကူအညီပေးတာတွေနဲ့ မလုံလောက်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင်တွေနဲ့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေကို စစ်တွေမြို့အနီးကနေ မုန်တိုင်းဝင်ရောက်နေသလို နိုင်ငံအနှံ့မှာ မိုးသည်းထန်စွာရွာတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နေပေမယ့် စစ်ကောင်စီက စစ်ကြောင်းထိုးတာမရပ်နားလို့ စစ်ကိုင်းတိုင်းက ကနီနဲ့ ခင်ဦးမြို့တွေမှာ မေလ ၁၂ ရက်ကနေ ဒီကနေ့အထိ စစ်ရှောင် နှစ်သောင်းကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး