မေ၊ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဝင်ရောက်တော့မယ် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် မိုးရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် နဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးဦးအနက် ပြင်ဦးလွင်မြို့က သေဆုံးသူဟာ အမျိုးသားတဦးဟာ သစ်ပင်သိတာဖြစ်ပြီး တာချီလိတ်မြို့က သေဆုံးသူနှစ်ဦးကတော့ လင်မယားဖြစ်ကာ မြေထိန်းနံရံပြိုကျတဲ့အတွက် သေဆုံးတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့ မေလ ၁၄ ရက်၊မနက် ၈ နာရီလောက်က ပြင်ဦးလွင်မြို့၊ အနီးစခန်း မန္တလေး- လားရှိုးသွားကားလမ်းမပေါ်ရှိ သက်တမ်းရင့်သစ်ပင်ကြီး လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲခဲ့ပြီး အနီးရှိအမျိုးသားတဦးအပေါ် ကျရောက်ခဲ့လို့ ဦးခေါင်းပွင့်ထွက်သေဆုံးသွားတယ်လို့ လူမှုကူညီရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
” မနက်ကတုန်းက အသက် ၅၀ အရွယ်အမျိုးသားက လက်ဖက်ရည်ဆိုင်က ပြန်လာတာပါ။ အဲဒီနားရောက်တော့ သစ်ပင်ကပြိုကျပြီး သူအပေါ်ကျသွားတာပါ။ သေတာက နေရာမှာတင်ဆုံးသွားတယ်ဗျ။ အခုလက်ရှိပြင်ဦးလွင်မှာက မိုးတွေရွာနေပါတယ်။ အရင်ရက်တွေကလည်း မီးရွာတာများတယ်။ ဒီကနေ့တော့ လေပါတိုက်နေတယ် ” လို့ သူကပြောပါတယ်။
အလားတူပဲ ဒီကနေ့ မနက် ၆ နာရီလောက်ကလည်း ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (ခ)ရပ်ကွက်တွင် လူနေအိမ်ပေါ်သို့ ကျောက်ရိုးဖြင့်စီထားသော မြေထိန်းနံရံပြိုကျမှုဖြစ်ခဲ့လို့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
တာချီလိတ်မြို့မှာ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မြေထိန်းနံရံပြိုပြီး လူနေအိမ်ပေါ်ကို ပြိုကျခဲ့တဲ့အတွက် အိမ်အတွင်းရှိ လင်မယားနှစ်ဦးစလုံး သေဆုံးခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန စာရင်းတွေအရ မနေ့က တရက်တည်းအတွင်း ရန်ကုန်တိုင်းအတွင်း ၁၂ မြို့နယ်၊ မန္တလေးတိုင်းက မြို့နယ်ငါးခု၊ ဧရာဝတီတိုင်းက မြို့နယ်သုံးခု၊ ရခိုင်နဲ့ တနင်္သာတိုင်းတို့က တမြို့နယ်စီ စုစုပေါင်း (၂၂)မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်သစ်ပင်ကျိုးကျတာ၊ နေအိမ်အဆောက်အဦအပေါ် သစ်ပင်လဲပြိုကျမှု အကြိမ်သုံးဆယ်အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့မှာလည်း မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်နဲ့ မန္တလေးတိုင်းက တချို့မြို့နယ်တွေအပါအဝင် နယ်မြို့တွေမှာပါ မိုးကြီးတာ၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲတာတွေ၊ နေအိမ်ပြိုလဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – တုတိသာလူမှုကူညီရေးအဖွဲ့