ရုရှားအတွက် လက်နက်တွေ ထောက်ပံ့ပေးခြင်း မရှိဘူးလို့ တောင်အာဖရိက အစိုးရ ငြင်းဆို

မေ၊ ၁၄

ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို တောင်အာဖရိက အစိုးရက အတိအလင်း တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ တောင်အာဖရိက အနေနဲ့ ဘက်မလိုက် မူဝါဒ တခုတည်းကိုသာ တက်တက်ကြွကြွ ကျင့်သုံးနေဆဲလို့ သမ္မတရဲ့ လုံခြုံရေး အကြံပေး အရာရှိက မေလ ၁၃ ရက်မှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တောင်အာဖရိက နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရူဘန် ဘရိုက်တီက ရုရှားဟာ တောင်အာဖရိကဆီက လက်နက်တွေ သယ်ယူသွားတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ရတဲ့ အထောက်အထားတွေ ရထားကြောင်း အခုသီတင်းပတ်ထဲမှာ မှတ်ချက် ပေးခဲ့ပါတယ်။

ဒီဇင်ဘာလတုန်းက ရုရှား သင်္ဘောတစီးဟာ ကိပ်တောင်းမြို့ ဆိပ်ကမ်းကနေ လက်နက်တွေ သယ်ဆောင်ပြီး ခုတ်မောင်း ထွက်ခွာသွားတယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ဘရိုက်တီက ဆိုပါတယ်။ ဒီကိစ္စသာ အမှန်ဆိုရင် တောင်အာဖရိကဟာ အမေရိကန်ရဲ့ တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

သံအမတ်ကြီးအပြင် အမေရိကန် အစိုးရ အရာရှိ တချို့ကပါ ဒီကိစ္စကို ထုတ်ပြောလာတဲ့နောက် တောင်အာဖရိကဟာ သံတမန်ရေး အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်လာရပါတယ်။ မေ ၁၃ ရက်မှာတော့ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာရဲ့ လုံခြုံရေး အကြံပေး အရာရှိ ဆစ်ဒ်နီ မူဖာမာဒီကတော့ ရုရှားဆီ လက်နက်တွေ ပံ့ပိုးထောက်ပံ့ခဲ့တယ် ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

တောင်အာဖရိကဟာ ဘက်မလိုက် မူဝါဒကို လေးလေးနက်နက် ကျင့်သုံးနေဆဲ ဖြစ်သလို ရုရှား-ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့လည်း အမှန်တကယ် စိုးရိမ်ကြောင်း၊ ဒီအတွက် ဘယ်ဖက်ကိုမှ ထောက်ပံ့ကူညီမှာ မဟုတ်သလို စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အားထုတ်ပေးနေတဲ့ သူတွေကိုသာ အားပေး ရပ်တည်မှာဖြစ်ကြောင်း သူက အွန်လိုင်းမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ တခုမှာ ပြောကြားသွားပါတယ်။

လက်တွေ့မှာတော့ တောင်အာဖရိကဟာ ရုရှားအစိုးရနဲ့ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားတယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ ထင်ရှားတဲ့ ဥပမာ တခုအနေနဲ့ ကျူးကျော်စစ်ကြောင့် ကုလသမဂ္ဂမှာ ရုရှားကို ရှုတ်ချကြောင်း အဆိုတင်ချိန်တုန်းက တောင်အာဖရိကဟာ ကြားနေဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

သံအမတ်ကြီး ဘရိုက်တီရဲ့ မှတ်ချက် ထွက်ပေါ်လာအပြီး တောင်အာဖရိကဟာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာခဲ့သလို နိုင်ငံသုံး ရန်ငွေ တန်ဖိုးဟာ ၅ ရာခိုင်နှုန်းနီးပါး ပြုတ်ကျသွားခဲ့ကြောင်း သိရပါတယ်။

 

Ref: Reuters