မေ၊ ၁၄
အီတလီ နိုင်ငံကို ရောက်ရှိခဲ့တဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အိမ်ရှင်နိုင်ငံ ခေါင်းဆောင်တွေအပြင် ပုပ်ရဟန်းမင်းကြီးနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးနဲ့ သီးသန့် တွေ့ဆုံမှုအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဇီလန်စကီးက ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပုပ်ဆီက ထောက်ခံ အားပေးမှုကို တောင်းခံခဲ့ကြောင်း ပြောပါတယ်။ သူက ပုပ်နဲ့ လူချင်း ပြန်တွေ့ခွင့် ရခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူကြောင်းလည်း ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၂၀ ပြည့်နှစ်တုန်းက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြဖူးပါတယ်။
ဒူးမှာ ပြဿနာ ရှိနေလို့ လမ်းလျှောက်ရတာ အခက်အခဲ ဖြစ်နေတဲ့ ပုပ်ဖရန်ဆစ်ဟာ လမ်းလျှောက်တုတ်ကို အားပြုပြီး ဗာတီကန် နန်းတော်၊ ညီလာခံ ခန်းမနားက သီးခြားဆောင် တခုမှာ ဇီလန်စကီးကို လာရောက် တွေ့ဆုံခဲ့ပါတယ်။
စစ်ပွဲကြောင့် သန်းနဲ့ချီ များပြားတဲ့ ယူကရိန်း ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို စာနာ ဝမ်းနည်းကြောင်း ပုပ်က မိန့်ကြားခဲ့တယ်လို့ ပုပ်နဲ့ တွေ့ဆုံမှုအပြီး မိနစ် ၄၀ လောက် အကြာမှာ ဇီလန်စကီးက Twitterမှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် စစ်ပွဲအတွင်း အတင်းအကျပ် နေရပ် ရွှေ့ပြောင်းခံရတဲ့ ယူကရိန်း ကလေးငယ်တွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်နိုင်ရေး ကိစ္စကိုလည်း ဝိုင်းဝန်း ဆောင်ရွက်ရမယ်လို့ ပုပ်က သဘောတူခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ဇီလန်စကီးဟာ မေလ ၁၃ ရက်က အီတလီနိုင်ငံရဲ့ မြို့တော် ရောမကို ရောက်ရှိခဲ့တာဖြစ်ပြီး အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ အီတလီ သမ္မတ ဆာဂျီယို မာတာရယ်လာတို့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ခေါင်းဆောင် နှစ်ဦးစလုံးက ရုရှားရဲ့ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ ယူကရိန်းနဲ့အတူ အီတလီက အပြည့်အဝ ထောက်ခံ ရပ်တည်နေဦးမယ်လို့ ဇီလန်စကီးဆီ အာမခံခဲ့ကြပါတယ်။ စစ်ပွဲ စတင်ချိန် ကတည်းက အီတလီဟာ ယူကရိန်းအတွက် ယူရို ၁ ဘီလီယံ ဝန်းကျင်လောက်ထိ တန်ဖိုးရှိတဲ့ စစ်လက်နက်၊ ငွေကြေးနဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။
Ref: AFP