မုန်တိုင်းအရှိန်ကြောင့် တရက်တည်း နိုင်ငံတဝန်းက မြို့နယ်နှစ်ဆယ်ကျော်မှာ သစ်ပင်ပြိုလဲမှုတွေဖြစ်

မေ၊ ၁၃
 
လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံကမ်းရိုးတန်းကို ဝင်ရောက်လာတော့မယ့် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီကနေ့ နိုင်ငံတဝန်းက မြို့နယ်နှစ်ဆယ်ကျော်မှာ မိုးသည်း၊ လေပြင်းတိုက်ကာ သစ်ပင်လဲပြိုမှုအကြိမ်သုံးဆယ်လောက် ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
ဒီကနေ့ တရက်တာအတွင်း မီးသတ်ဌာနက ထုတ်ပြန်တဲ့ သစ်ပင်ပြိုလဲမှုဖြစ်စဉ်တွေကို DNA က စာရင်းပြုစုရာမှာ နိုင်ငံတဝန်းက မြို့နယ်နှစ်ဆယ်ကျော်မှာ အဲ့ဒီလိုသစ်ပင်ပြိုလဲမှုနဲ့ ရေကြီးရေလျှံမှုတွေ ရှိခဲ့တာပါ။
ထုတ်ပြန်ချက်တွေအရ ရန်ကုန်တိုင်းအတွင်း ၁၂ မြို့နယ်၊ မန္တလေးတိုင်းက မြို့နယ်ငါးခု၊ ဧရာဝတီတိုင်းက မြို့နယ်သုံးခု၊ ရခိုင်နဲ့ တနင်္သာတိုင်းတို့က တမြို့နယ်စီ စုစုပေါင်း (၂၂)မြို့နယ်မှာ ဒီကနေ့တရက်တည်း လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်သစ်ပင်ကျိုးကျတာ၊ နေအိမ်အဆောက်အဦအပေါ် သစ်ပင်လဲပြိုကျမှု အကြိမ်သုံးဆယ်အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ညောင်ဦးမြို့နယ်မှာတော့ ဒီကနေ့ မိုးများခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း အမြင့်ဆုံး မိုးရေချိန်စံချိန်သစ်တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
 
ရှေးဟောင်းဘုရားစေတီတွေနဲ့ အဆောက်အအုံတွေရှိရာ ညောင်ဦးမြို့နယ်မှာ ဒီကနေ့ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် ၆ ဒသမ ၃၄ လက်မအထိ မိုးရေချိန်စံချိန်သစ်တင်ခဲ့တာပါ။
 
ဒါဟာညောင်ဦးမြို့နယ်မှာ လွန်ခဲ့တဲ့ ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်က စံချိန်သစ်ဖြစ်ခဲ့တဲ့ ၄ ဒသမ ၇၆ လက်မကို စံချိန်ချိုးခဲ့တဲ့ မိုးရေချိန်စံချိန်သစ်ဖြစ်သလို နှစ်ပေါင်း (၅၈)နှစ်အတွင်း အမြင့်ဆုံးစံချိန်လည်းဖြစ်တယ်လို့ မိုးဇလဌာနက ပြောပါတယ်။
 
အဲ့ဒီလို စံချိန်တင် မိုးရွာသွန်းခဲ့တာကြောင့် ညောင်ဦးမြို့နယ် ပုဂံနယ်မြေ မင်းနန်းသူချောင်းအတွင်းက ချောင်းရေကျော်ပြီး ကားတချို့ ဖြတ်သန်းသွားလာဖို့ အခက်အခဲဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်ဌာနကဖော်ပြထားပါတယ်။ 
ဓာတ်ပုံ – MFSD