မေ၊ ၁၃
ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကြယ်စင်လင်း စိန်ရတနာရွှေဆိုင် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က ဓါးပြတိုက်ခံရတာကြောင့် ရွှေထည်ပစ္စည်းမျိုးစုံ တပိဿာဝန်းကျင်နဲ့ ငွေသားတချို့ ပါသွားတယ်လို့ အဲ့ဒီစိန်ရွှေရတနာဆိုင်က တာဝန်ရှိသူတွေဆီက သိရပါတယ်။
“ ဆိုင်ထဲမှာပဲ ပစ္စည်းတွေခင်းထားတာကိုပဲ ယူသွားတာ၊ ဆိုင်ထဲမှာ ကလေးတွေပဲ (ဝန်ထမ်း) ရှိတယ်။ သုံးယောက်၊ လေးယောက်လောက်လို့ ပြောတယ်၊ ဝန်ထမ်းတွေကို သေနတ်နဲ့ ထောက်ပြီး ခင်းထားတာ အကုန်နီးပါးပဲ ယူသွားတယ်၊ တပိဿာလောက်ရှိမယ်၊ ရွှေငွေတွေ အကုန်လုံးပဲ၊ အရေအတွက်နဲ့ တန်ဖိုးပေါင်းကတော့ တွက်ပြီး စစ်နေတုန်းပဲ ” လို့ အဲဒီ စိန်ရွှေရတနာဆိုင်က တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
သာကေတမြို့နယ်၊ ၁၀ ဈေးရှေ့၊ (၉)ရပ်ကွက်၊ ဧရာဝဏ်လမ်းမှာရှိတဲ့ ကြယ်စင်လင်းစိန်ရွှေရတနာဆိုင်ကို ဒီကနေ့ မနက်ပိုင်းက ပရိုဘောက်ကားနဲ့လာတဲ့ လူတစုက ဆိုင်ထဲဝင်ကာ ဝန်ထမ်းတွေကို သေနတ်ထောက်ပြီး ဓားပြတိုက်သွားတာလို့ သိရပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် စိန်ရွှေရတနာမျိုးစုံ၊ ရွှေထည်ပစ္စည်း တပိဿာဝန်းကျင်နဲ့ ငွေသားတချို့ စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်းသုံးထောင်ကျော် ပါသွားနိုင်တယ်လို့ ဆိုပါတယ်။
“ အဲဒီဘေးနားကလူတွေ ပြောတာကတော့ သေနတ်ပစ်ခတ်သံတွေလည်း မကြားရဘူး၊ ဆိုင်ထဲဝင်လာတယ်၊ ဝန်ထမ်းတွေကို အနောက်ဘက်အခန်းထဲကို ခေါ်သွားပြီး သေနတ်နဲ့ထောက်ထားတယ်၊ ကျန်တဲ့လူတွေက ပစ္စည်းသိမ်းပြီး၊ ချက်ချင်းပဲ ဆိုင်ထဲက ထွက်လာပြီး ကားမောင်းပြေးသွားတယ်၊ ဝန်ထမ်းတွေတော့ ဘာမှ ထိခိုက်ဒဏ်ရာရသွားတာမျိုး မရှိဘူးလို့ သိရတယ် ” လို့ သာကေတမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းတာ၊ တချို့လမ်းပိုင်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကနေ့ ညနေ လေးနာရီအထိတော့ ဓားပြအဖွဲ့တွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုတွေ၊ ဓါးပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး ကျူးလွန်သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့အမှုတချို့ရှိသလို အများစုကိုတော့ တရားခံတွေဖမ်းဆီးရမိတာ မရှိပါဘူး။
ဓာတ်ပုံ – Social Media