ယူကရိန်းကို တာဝေးဒုံးကျည်တွေ ထောက်ပံ့မယ့် ဗြိတိန် ဆုံးဖြတ်ချက်ကို ရုရှား တင်းတင်းမာမာ တုံ့ပြန်

မေ၊ ၁၃

ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့မယ့် ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကို ရန်လိုတဲ့ အပြုအမူ တခုအဖြစ် သတ်မှတ်ကြောင်း ရုရှားက သတိပေးလိုက်ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းအတွက် ဝေဟင်ကနေ မြေပြင်ကို တာဝေး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ Storm Shadow ဒုံးကျည်တွေကို တိုက်လေယာဉ်မှာ တပ်ဆင် ပစ်ခတ်ရတာဖြစ်ပြီး ကီလိုမီတာ ၂၅၀ နဲ့ ၃၀၀ ကြားထိ ခရီးရောက်အောင် ပျံသန်းနိုင်စွမ်း ရှိပါတယ်။

အနောက်မဟာမိတ် အင်အားစုတွေထဲမှာတော့ ဗြိတိန်ဟာ ယူကရိန်းကို တာဝေး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ပထမဆုံး ထောက်ပံ့တဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ရုရှား နိုင်ငံခြားရေး က ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထား တင်းတင်းမာမာနဲ့ တုံ့ပြန်ခဲ့ပြီး ဗြိတိန်ဆီက အရမ်း ရန်လိုတဲ့ ခြေလှမ်းတခုအဖြစ် မှတ်ယူကြောင်း ထုတ်ပြန်ခဲ့ပြီး ဒီလုပ်ရပ်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ပေါ်လာနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီ ဒုံးကျည်တွေဟာ အရမ်း ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာပါ အသုံးပြုနိုင်ပြီး ဗြိတိန်နဲ့ ပြင်သစ် တပ်တွေက ပင်လယ်ကွေ့ဒေသ၊ အီရတ်နဲ့ လစ်ဗျား စစ်မြေပြင်တွေမှာ အသုံးပြုခဲ့ဖူးပါတယ်။

ဗြိတိန် အစိုးရဟာ လိုတာထက်ပိုပြီး လွန်ကြူးတဲ့ ခြေလှမ်းတခုကို စတင်လိုက်တာဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်လာမယ့် ထိခိုက် နစ်နာမှုတွေ၊ အသက်ဆုံးရှုံးမှုတွေအတွက် တာဝန်ယူရမယ်လို့လည်း ရုရှားက ဆိုပါတယ်။

ဒါ့အပြင် ယူကရိန်းက Storm Shadow ဒုံးကျည်တွေ လက်တွေ့ အသုံးပြုလာရင် ရုရှားအတွက် ကြုံလာမယ့် ခြိမ်းခြောက်မှုတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ရှင်းလင်းသွားမှာ ဖြစ်တယ်လို့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ကြေညာသွားပါတယ်။

 

Ref: Moscow Times