မေ၊ ၁၃
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်မယ့် မိုခါ မုန်တိုင်းဟာ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဆီ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
မိုခါ မုန်တိုင်းဟာ မနက်ဖြန် (မေလ ၁၄)ရက် နေ့လယ်ပိုင်းမှာ စစ်တွေမြို့အနီးကနေ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ချေရှိနေတာကြောင့် အနီရောင်အဆင့်အဖြစ်လည်း မိုးဇလဌာနက ဒီကနေ့မှာ စတင်သတ်မှတ်လိုက်ပါတယ်။
ကမ်းရိုးတန်းကို မုန်တိုင်းဖြတ်ကျော်ချိန်မှာ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တို့က မြစ်ဝ၊ မြစ်လက်တက်တွေအတွင်း မုန်တိုင်းဒီရေ (၁၄)ပေ ကနေ (၁၈)ပေအထိ မြင့်တက်နိုင်ပြီး ကျောက်ဖြူခရိုင်အတွင်းမှာတော့ (၁၀)ပေ ကနေ (၁၄)ပေအထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လူမှုကွန်ရက်ပေါ်မှာ လူသိများတဲ့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်ကလည်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကမ်းရိုးတန်းဖြတ်ချိန်မှာ မုန်တိုင်းဒီရေ အန္တရာယ်ကို သတိပြုကြဖို့ သတိပေးထားပါတယ်။
“ နာဂစ်မှာ လူတွေဒီလောက်အများကြီး သေရတာဟာ “လေပြင်း” ကြောင့်မဟုတ် “ရေပြင်း” ကြောင့်ပါ။ ရေပြင်း ဆိုတာက တန်ပေါင်းများစွာအလေးချိန်ရှိတဲ့ ရေထုကြီးက မုန်တိုင်းဝင်တဲ့အချိန် ကုန်းပေါ်ကို မိုင် ၁၀၀ ကျော်အလျင်နှုန်းနဲ့ ဝင်လာတာကြောင့်ပါ ” လို့ သူကပြောထားပါတယ်။
အဲ့ဒီနောက်ဒီကနေ့ကနေ နောက်ထပ်နှစ်ရက်အတွင်း ချင်း၊ မကွေး၊ စစ်ကိုင်း ဒေသတွေကို ဖြတ်ကျော်ချိန်မှာတော့ ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်းချိန်ကထက် မုန်တိုင်းအဆင့်လျော့ကျကာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်နဲ့ ဖြတ်သန်းနိုင်ချေရှိနေတာပါ။
မုန်တိုင်းအဆင့်ခွဲခြားသတ်မှတ်ချက်တွေအရ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒုတိယအင်အားအပြင်းဆုံးအဆင့်ဖြစ်ပြီး တနာရီလေတိုက်နှုန်း (၇၃)မိုင်ကနေ (၁၃၇)မိုင်အတွင်း ရှိနိုင်ပါတယ်။
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်မှာတော့ တနာရီလေတိုက်နှုန်း ၅၅ မိုင်ကနေ ၇၂ မိုင်အထိ ရှိနိုင်ပါတယ်။ ချင်း၊ မကွေး၊ စစ်ကိုင်းစတဲ့ ဒေသတွေကို ဒီအဆင့်နဲ့ မုန်တိုင်းဆက်ရောက်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက သတိပေးထားတာဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်းကစလို့ နောက်ထပ်သုံးရက်အတွင်း ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် (၁၀၀)ကနေ (၁၁၀)ဝန်းကျင်အထိ ရှိနိုင်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာတီ စတဲ့တိုင်းဒေသတွေနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ လေတိုက်နှုန်း တနာရီ မိုင် (၄၀)ကနေ (၄၅)မိုင်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းမယ်လို့ တွက်ချက်ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း စတဲ့ဒေသအားလုံးမှာ စစ်ဘေးရှောင်တွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ သန်းနဲ့ချီရှိနေတာပါ။
အဲ့ဒီစစ်ဘေးရှောင်တွေနဲ့ နေရပ်စွန့်ခွာနေထိုင်နေသူတွေအနေနဲ့ ကြိုတင်ရွှေ့ပြောင်းဖို့အတွက် အကူအညီ အထောက်အပံ့တွေ မရသလို မုန်တိုင်းရိုက်ခတ်မှုကြောင့် နေစရာ၊ ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေ ရှိလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းက ဒေသတချို့မှာ စစ်ကောင်စီက ဆက်သွယ်ရေးဖြတ်တောက်မှု လုပ်ထားတာမျိုးတွေလည်း ရှိနေပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းမှာတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် မုန်တိုင်းသတင်းကို နီးစပ်ရာတွေက အဆင့်ဆင့် သတိပေးဖြန့်ဝေပေးကြဖို့ ချင်းကာကွယ်ရေးတပ်- မင်းတပ်က ထုတ်ပြန်ထားပါသေးတယ်။